အာဏာသိမ်းပြီးနောက် ကျောက်မျက်အမှုနဲ့ အဖမ်းခံထားရသူ အယောက်ငါးဆယ်ကျော် ပြန်လွတ်လာ

စစ်တပ်အာဏသိမ်းပြီးနောက် မန္တလေးမြို့မှာ တရားမဝင် ကျောက်မျက်ရောင်းဝယ်တဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရသူတချို့ ဒီကနေ့ ဒီဇင်ဘာ၂၁ ရက်မှာ ပြန်လွတ်လာတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒီကနေ့မှာ အိုးဘိုအကျဉ်းထောင်ကတဆင့် ကျောက်မျက်ရောင်းဝယ်သူ ၅၀ ဦးခန့် ပြန်လွှတ်လာတာဖြစ်ပြီး ပြစ်ဒဏ် ၁ နှစ်နဲ့ ၁ နှစ်ခွဲ ချခံရသူ အများစုပါဝင်တယ်လို့ သိရပါတယ်။

” ပြစ်ဒဏ်တစ်နှစ်နဲ့ တနှစ်ခွဲချခံထားရတဲ့လူတွေ ပြန်လွှတ်လာတာပေါ့။ ဒီအချိန်က အမှုစတင်စွဲဆိုခံရချိန်နဲ့တွက်ရင် လွှတ်ရက်စေ့တဲ့အချိန်ပေါ့။ အကုန်လုံး ပြန်လွှတ်လာတဲ့သဘောပါ။ ကျန်လည်း အနည်းငယ်လောက်ပဲ ရှိတော့မယ် ” လို့ တရားရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ပုဂ္ဂလိက ကုမ္ပဏီတစ်ခုအတွင်း တရားမဝင် အွန်းလိုင်းမှတဆင့် ကျောက်မျက်ရောင်းဝယ်တယ်ဟုဆိုက ကျောက်သမား ၄၀၀ နီးပါးကို စစ်အုပ်စုက ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် ကျောက်မျက်ရတနာတွေကို သိမ်းဆည်းပြီး လူတွေကို ကျောက်မျက်ဥပဒေတွေနဲ့ ရားရုံး အသီးသီးမှာ တရားစွဲတင်ခဲ့တာပါ။
” အကုန်လုံးကို ပြန်လွှတ်ပေးတာတော့ မဟုတ်ဘူး။ အဲဒီတုန်းက ဖမ်းခံရပြီးပြန်လွှတ်လာတဲ့ ကျောက်သမားတွေရှိတယ်။ တရုတ်တွေလည်း ဖမ်းခံရတာရှိတယ် သူတို့ကတော့ အာမခံတွေနဲ့ လွတ်လာတာရှိတယ်။ ပြန်လွတ်ဖို့ သိပ်မကျန်တော့ ကုန်သလောက်ရှိပါပြီး ” လို့ ကျောက်သမား တဦးက ပြောပါတယ်။

မန္တလေးကတရားရုံးများတွေက တရားစွဲခံရတဲ့ ကျောက်မျက်သမားတွေကို ပြစ်ဒဏ် အမြင့်ဆုံး ၃ နှစ်ကနေ အနည်းဆုံး ၁ နှစ်အထိ ချမှတ်ခဲ့တယ်လို့ တရားရုံးအသိုင်းအဝိုင်းက သိရပါတယ်။

” အဲဒီတုန်းက ကျောက်ဝိုင်းကို စစ်တပ်က အတင်းဖွင့်ချင်နေတာပေါ့။ ကျောက်သမားတွေကလည်း ကိုဗစ်ကတည်းက ပိတ်ထားတာဆိုတော့ ကိုယ်အဆင်ပြေသလို အရောင်းအဝယ်လုပ်နေတာကို အကြောင်းပြပြီး ဖမ်းလိုက်တာပါ။ ဖမ်းခံရတဲ့ပစ္စည်းတွေ တချို့ပြန်မရကြဘူး နေပြည်တော်မှာ စစ်တပ်က ပြပွဲလုပ်ရောင်းလိုက်တာ ” လို့ ကျောက်မျက်ရောင်းဝယ်ရေးသမား တဦးကလည်း ဆိုပါတယ်။