အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမြေမြှုပ်မိုင်းကြောင့် သေဆုံးထိခိုက်သူ ငါးရာဝန်းကျင်အထိရှိလာ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်နှစ်ဝန်းကျင်အတွင်း မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု (၄၅၀) နဲ့ (၅၀၀) ကြားအထိ ရှိနေတယ်လို့ ICBL(International Campaign to ban Landmines) မြေမြုပ်မိုင်း စောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ ဒီဇင်ဘာ(၂၁)ရက်မှာ ထုတ်ပြန်ပြောဆိုပါတယ်။
 
ပြည်တွင်းမှာ မြေမြုပ်မိုင်းအသုံးပြုမှုနဲ့ ပျံနှံ့မှုဟာလည်း အရင်နှစ်တွေနဲ့ နှိုင်းယှဉ်ရင် တနှစ်အတွင်းမှာ သိသိသာသာ မြင့်မားလာသလို စစ်ကောင်စီတပ်ရဲ့ မြေမြှပ်မိုင်းအသုံးပြုမှုတွေကလည်း ပိုများလာတယ်လို့မြေမြှုပ်မိုင်း စောင့် ကြည့်အဖွဲ့တွေက ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
 
လက်ရှိမှာ နေပြည်တော်က လွဲလို့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အားလုံးမှာ မြေမြှုပ်မိုင်းအသုံးပြုမှုပျံ့နှံ့လာ နေ တာကို ပထမဆုံးအကြိမ်အဖြစ် Landmine Monitor အဖွဲ့က စာရင်းသွင်းလိုက်တယ်လို့လည်း မြေမြုပ်မိုင်း စောင့် ကြည့်လေ့လာရေးအဖွဲ့က Dr. Yeshua Moser က ပြောပါတယ်။
 
“စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းအချက်အလက်ကို ပေးပို့ တာမျိုး မရှိတဲ့အတွက် တိတိကျကျ ကောက်ယူနိုင်တာမျိုးတော့ မဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။လက်ရှိ ထုတ်ပြန်တဲ့အချက်အလက်တွေဟာ သတင်းဖြစ်ရပ်တွေအပေါ် မူတည်တဲ့ ခန့်မှန်းတွက်ချက်မှုတွေဖြစ်တယ်လို့ ဆိုပါတယ်။
 
ဒါကြောင့် မြေပြင်ကအရပ်သားထိခိုက်သေဆုံးမှုဟာ အခုစာရင်းတွေထက် ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။
 
တစ်နှစ်တာကာလအတွင်း နိုင်ငံအတွင်းကမြို့နယ် (၆၂)ခုမှာ မြေမြှပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုတွေ ဖြစ်ခဲ့ တယ်လို့ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေရဲ့အချက်အလက်တွေကဆိုပါတယ်။
 
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ မြို့နယ် သုံးရာကျော်မှာ အနည်းဆုံး (၁၄၇) မြို့နယ်က မိုင်းအန္တရာယ် တစ်စုံတစ်ရာ ရှိနေ တာကို တွေ့ရှိရတယ်လို့ Dr. Yeshua Moser က ပြောပါတယ်။ မြေမြှပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အဖြစ်များ ဆုံးဒေသတွေက ရှမ်း၊ ကချင်၊ ကရင်၊ ရခိုင်နဲ့ ပဲခူး စသဖြင့် အစဉ်လိုက်တည်ရှိနေပါတယ်။
 
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အထိ စာရင်းတွေအရ ၁၄ နှစ်တာကာလအတွင်း မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရသူ ၅၆၀၀ ကျော် ရှိခဲ့ပြီး လူတထောင်ကျော်သေဆုံးကာ (၄၅၀၀)ဝန်းကျင်က ကိုယ်အင်္ဂါထိခိုက်ဆုံးရှုံးခဲ့ကြတာပါ။
 
စစ်တပ်ဟာ ပြီးခဲ့တဲ့လေးနှစ်အတွင်း ကမ္ဘာတစ်ဝန်းက အစိုးရတပ်ဖွဲ့တွေမှာ မြေမြုပ်မိုင်း အသုံးပြုတဲ့ တစ်ခု တည်း သောတပ်ဖွဲ့ဖြစ်ခဲ့ပြီး ၂၀၂၂ နှစ်ဆန်းပိုင်းက စတင်လို့ စစ်ကောင်စီတပ်နဲ့အတူ ရုရှားတပ်ဖွဲ့တွေလည်း မြေမြှုပ် မိုင်းအသုံးပြုတဲ့ အစိုးရစစ်တပ်စာရင်းမှာ ပါဝင်လာ ပါတယ်။
 
ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်ကျန်ပေါက်ကွဲစေတဲ့ ပစ္စည်းတွေနဲ့ပတ်သက်လို့ ထိခိုက်သေဆုံးမှုဟာ ၂၀၂၁ ခုနှစ်မှာ သိသိ သာသာမြင့်တက် လာပြီး ၈၁ ဦးအထိ သေဆုံးမှုရှိတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။