ကန့်ဘလူစစ်ဘေးရှောင်တချို့ မြွေဆိုးကိုက်ခံနေရ ဆေးဝါးအချိန်မီမရလို့ သေဆုံးသူတွေလည်းရှိ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲက ကျေးရွာတချို့မှာရှိတဲ့ စစ်ရှောင်ပြည်သူတွေ တောထဲမှာ မြွေဆိုးကိုက်ခံရတာတွေရှိနေပြီး အချိန်မီ ဆေးဝါးမကုသနိုင်တဲ့အတွက် အသက်ဆုံးရှုံးတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြွေဆိုး အန္တရာယ်ကို ထန်းကုန်းတိုက်နယ်၊ ကိုးတောင်ဘို့တိုက်နယ်နှင့် ချပ်သင်းတိုက်နယ်တို့က စစ်ရှောင်ပြည်သူတွေ အဓိကခံစားနေကြရပြီး ဆေးဝါးရှားပါးကြောင့် အသက်သေတဲ့အထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။

“မြွေကိုက်ခံရတယ်ဆိုရင် ဆေးဝါးက လုံလုံလောက်လောက် မရှိဘူး။ စစ်ရှောင်နေရတာဖြစ်တဲ့ အတွက် ဘာပစ္စည်းမှာလည်း သယ်မဘူး။ အဆိပ်ရှိတဲ့မြွေ ဒီဖက်မှာ အစုံရှိကြတယ်” ကန့်ဘလူ ဒေသခံတဦးက ပြောပါတယ်။

မနေ့ ဒီဇင်ဘာ ၂၀ ရက်မှာလည်း ချပ်သင်းတိုက်နယ်ရှိ အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးမြွေဆိုးကိုက်ခံခဲ့ရပြီး ပြည်တွင်းထုတ် BPI မြွေဆိပ်ဖြေဆေး လေးလုံးအထိ ထိုးပေးထားပြီး အခြေနေကို ဆက်လက်စောင့်ကြည့်နေရဆဲ ဖြစ်တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ဖော်ပြထားပါတယ်။

အလားတူပဲ ဒီဇင်ဘာ ၁၉ ရက်က ကိုးတောင်ဘို့တိုက်နယ်က အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ကိုးတောင်ဘို့တိုက်နယ်က အမျိုးသားတဦး မြွေဆိုးကိုက်ခံရတာကြောင့် မြွေဆိပ်ဖြေဆေးထိုးပြီးဆက်စောင့်ကြည့်နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၃ ရက်နေ့ ညပိုင်းမှာလည်း ထန်းကုန်းတိုက်နယ်ရှိအသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ မြွေကိုက်ခံခဲ့ရပြီး အချိန်မီဆေးဝါးကုသခွင့် မရသဖြင့် အသက်ဆုံးရှုံးတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီက ည ၈ နာရီကျော်ရင် အပြင်မထွက်ဖို့ အမိန့်ထုတ်ထားသည့်အတွက် လုံလောက်သည့် ဆေးကုသမှု ခံယူနိုင်ခြင်းမရှိဘဲ အသက်သေဆုံးခံရတာလို့လည်း ဆက်သိရပါတယ်။

အဲဒီဒေသတွေမှာ မြွေဆိုးကိုက်ခံရတယ်ဆိုရင် ပြည်တွင်းနဲ့ အိန္ဒိယနိုင်ငံကထုတ်တဲ့ BPI မြွေဆိပ်ဖြေဆေးကို အဓိကထား အသုံးပြုနေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကန့်ဘလူမြို့နယ်မှာ ဒီဇင်ဘာ ၁၃ ရက်မှ ၂၀ ရက်အထိ တစ်ပတ်တာအတွင်း မြွေဆိုးကိုက်ခံရသူ သုံးဦးအထိရှိခဲ့ကာ တစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။