Twitter အမှုဆောင်ချုပ် ရာထူးက နုတ်ထွက်မယ်လို့ အီလွန်မတ်စ်ခ်ပြော

မကြာသေးခင်ကမှ ဝယ်ယူထားတဲ့ Twitter ကုမ္ပဏီရဲ့ အမှုဆောင်ချုပ် ရာထူးကနေ နုတ်ထွက်မယ်လို့ အီလွန်မတ်စ်ခ်က ပြောကြားလိုက်ပါတယ်။

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး လူပုဂ္ဂိုလ် တစ်ဦးအဖြစ် အသိအမှတ်ပြု ခံထားရသူ မတ်စ်ခ်ဟာ မကြာသေးခင်ကမှ ကမ္ဘာကျော် လူမှုကွန်ရက် မီဒီယာ လုပ်ငန်း Twitterကို ဝယ်ယူခဲ့ပြီး အမှုဆောင်ချုပ် အနေနဲ့ တာဝန်ယူနေခဲ့ပါတယ်။

အဲဒီနောက် သူ့ရဲ့ စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်ပြီး Twitter သုံးစွဲသူ တော်တော်များများရဲ့ ဝေဖန်မှုတွေ ရှိခဲ့တဲ့နောက် မတ်စ်ခ်က ကုမ္ပဏီရဲ့ အမှုဆောင်ချုပ် အနေနဲ့ သူဆက်ပြီး ရှိသင့် မရှိသင့် Twitterပေါ်မှာပဲ ဆန္ဒမဲ ကောက်ယူခဲ့ပါတယ်။

မဲရလဒ်တွေအရ မတ်စ်ကို နုတ်ထွက်စေလိုကြောင်း ဆန္ဒပြုသူ ၅၇.၅ ရာခိုင်နှုန်းထိ များပြားခဲ့တဲ့နောက် မတ်စ်ခ်က Twitter အမှုဆောင်ချုပ် နေရာကို စွန့်ခွာတော့မယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေရာကို တာဝန်ယူ လက်ခံရဲလောက်အောင်မိုက်မဲတဲ့ နောက်ထပ် လူသစ်တစ်ယောက် ရှာတွေ့ပြီးတာနဲ့ သူနုတ်ထွက်ပေးမယ်လို့ မတ်စ်ခ်က အငေါ်တူးထားပါတယ်။

ဒါပေမဲ့ သူဟာ ကုမ္ပဏီပိုင်ရှင် အနေနဲ့ ဆက်ရှိနေပြီး Twitterရဲ့ Softwareနဲ့ Serverဆိုင်ရာ ဌာနတွေကိုလည်း ဆက်ပြီး ဦးဆောင်နေမယ်လို့ ပြောပါတယ်။

Twitterကို မတ်စ်ခ်ဝယ်ယူလိုက်ချိန်ကစလို့ ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံနဲ့ မူဝါဒ အပြောင်းအလဲတွေက ဝေဖန်စရာတွေ ဖြစ်ခဲ့ပါတယ်။

သူ့ရဲ့ ပြိုင်ဘက်တွေ၊ သူ့ကို ဝေဖန်သူတွေကို Twitterကနေ ဖယ်ရှားပစ်တာမျိုးတွေက မတ်စ်ခ်ဟာ အာဏာရှင် ဆန်လွန်းတယ်လို့ စွပ်စွဲရှုတ်ချစရာတွေ ဖြစ်လာစေပါတယ်။

မတ်စ်ခ်က သတင်းထောက်တွေရဲ့ အကောင့်တွေကို Twitterမှာ လိုက်လံပိတ်ပင်နေတာနဲ့ ပတ်သက်လို့ ကုသလမဂ္ဂနဲ့ ဥရောပ သမဂ္ဂတို့ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ အသီးသီး ရှုတ်ချခဲ့ပြီး ဥရောပ သမဂ္ဂက ဒီအချိုးအတိုင်း ဆက်သွားနေရင်း Twitterကို အရေးယူ ပိတ်ဆို့တာတွေ လုပ်ရလိမ့်မယ်လို့တောင် တင်းတင်းမာမာ သတိပေးခဲ့ပါတယ်။

သူ့ကို အမှုဆောင်ချုပ် အဖြစ်က နုတ်ထွက်စေချင်ကြောင်း မဲရလဒ် ထွက်ပေါ်လာတဲ့နောက် မတ်စ်ခ်က တကယ်တမ်းမှာ Twitter ဆက်လက် ရှင်သန် ရပ်တည်နေတာကို ဘယ်သူမှ မမြင်ချင်တော့ဘူးလို့ ဝေဖန်ရေးသားခဲ့ပါသေးတယ်။

မတ်စ်ခ်ဟာ Tesla ကားကုမ္ပဏီ၊ Space X အာကာသ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီနဲ့ Starlink အင်တာနက်ကွန်ရက် ကုမ္ပဏီတို့လို နည်းပညာ လုပ်ငန်းစုတွေကိုလည်း ပိုင်ဆိုင်ပြီး သူ့ရဲ့ လက်ရှိ ကြွယ်ဝမှုဟာ ဒေါ်လာ ၁၆၄ ဘီလီယံလောက် ရှိနိုင်ကြောင်း သိရပါတယ်။