ကမ္ဘာ့ဖလားက ပြန်လာတဲ့ ကစားသမားတွေကို ကူညီဖို့ လူနေမှုဘဝ နည်းပြတစ်ဦး မန်ချက်စတာယူနိုက်တက် ခန့်အပ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ပြန်လာတဲ့ ကစားသမားတွေအပေါ် ဖိစီးမှုတွေ လျော့ပါးစေဖို့ လူနေမှုဘဝဆိုင်ရာ နည်းပြတစ်ဦးကို ခန့်အပ်ခဲ့ကြောင်း သိရပါတယ်။
ဘောလုံးအသင်းတွေမှာ နည်းစနစ်ပိုင်း၊ နည်းဗျူဟာပိုင်း၊ ကြံ့ခိုင်မှုပိုင်း စသဖြင့် နည်းပြ အဖွဲ့ဝင်တွေ ခန့်အပ်လေ့ ရှိပေမယ့်လည်း ကစားသမားတွေရဲ့ လူနေမှု ဘဝကို စောင့်ကြည့် လမ်းညွှန်ပေးမယ့် နည်းပြမျိုး ခန့်အပ်ခြင်းကတော့ ရှားပါးတဲ့ အခြေအနေ တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒီလို နည်းပြအဖွဲ့ဝင်သစ် ခန့်အပ်ပေးဖို့ကို အသင်းရဲ့ မန်နေဂျာ အဲရစ်တန်ဟက်ဂ်ကိုယ်တိုင်က တောင်းဆိုခဲ့တာလို့ ဗြိတိန် မီဒီယာတွေက ဖော်ပြပါတယ်။
အသင်းက ဒီကိစ္စကို သီးခြားမထုတ်ပြန်သေးပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း လေ့ကျင့်ရေး အစီအစဉ်တွေမှာ ရိုင်နာခိုရာစ်က ပါဝင် အလုပ်လုပ်နေတာကို အကြိမ်ကြိမ် တွေ့မြင်ခဲ့ရကြောင်း The Telegraph သတင်းဌာနက ဆိုပါတယ်။
ခိုရာစ်ဟာ အရင်တုန်းက နယ်သာလန် ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Talent Academy Group (TAG)ရဲ့ စွမ်းဆောင်ရည် ကြပ်မတ်မှု နည်းပြအဖြစ် တာဝန်ယူခဲ့သူပါ။ ဒီနှစ် ကမ္ဘာ့ဖလားကို ဘောလုံးရာသီ တစ်ခုရဲ့ အလယ်ပိုင်း ကာလမှာ ပြောင်းလဲ ကျင်းပခဲ့တဲ့နောက် ပြိုင်ပွဲဝင် ကစားသမားတွေဟာ ကလပ်အသင်းကို ပြန်ရောက်ပြီးတာနဲ့ သိပ်အနားမရဘဲ ဘောလုံးပွဲတွေ ဆက်လက် ယှဉ်ပြိုင်ဖို့ လုံးပန်းရပါတော့တယ်။
ဒီအခြေအနေတွေမှာ အသင်းသားတွေအပေါ် အတတ်နိုင်ဆုံး ဝန်မပိအောင်၊ ရှေ့ဆက်ပြီးလည်း ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ပိုင်း တိုးတက်ရေးအတွက် မှန်ကန်တဲ့ နေထိုင်မှု ပုံစံမျိုး ရရှိစေအောင် ကူညီဖို့အတွက် နယ်သာလန်သား မန်နေဂျာ တန်ဟက်ဂ်က သူနဲ့ တစ်နိုင်ငံတည်းသား ခိုရာစ်ကို ခေါ်ယူခဲ့တာပါ။
တန်ဟက်ဂ်က ခိုရာစ်ကို ခေါ်ယူခဲ့တာနဲ့တင် အားမရသေးဘဲ Tour de France ပြိုင်ပွဲဝင် စက်ဘီးစီး အသင်းတွေကို ကူညီပေးနေတဲ့ ပညာရှင်တွေနဲ့လည်း ဆွေးနွေးနေပြီး အသင်းသားတွေအတွက် အားအင် အပြည့်ဝဆုံး ရရှိစေမယ့် အစာအာဟာရနဲ့ အိပ်စက်မှု ပုံစံမျိုး ရရှိစေဖို့ စီစဉ်နေပါတယ်။
လက်ရှိ ယူနိုက်တက် အသင်းသားတွေထဲမှာ အာဂျင်တီးနား နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်က ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သလို တခြား ခံစစ်မှူး ရာဖာရဲလ် ဗာရာနေးကလည်း ငွေတံဆိပ်ကို ဆွတ်ခူး ရရှိခဲ့ပါတယ်။ ဗိုလ်လုပွဲထိ ဆက်တိုက် ကစားထားရတဲ့အတွက် အဲဒီနှစ်ယောက်ဟာ ယူနိုက်တက်ကို ပြန်ရောက်လာချိန်မှာ အရမ်း ပင်ပန်း နွမ်းနယ်နေမယ်ဆိုတာ သံသယရှိဖို့ မလိုပါဘူး။
ယူနိုက်တက်ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီး ၃ ရက်အကြာ ဒီဇင်ဘာ ၂၁ ရက်မှာ ကာရာဘောင်း ဖလားပွဲစဉ်အဖြစ် ဘန်လေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီဇင်ဘာ ၂၇ ရက်မှာတော့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်တွေ တကျော့ပြန် စတင်ပြီး နော်တင်ဟမ် ဖောရက်စ်နဲ့ ရင်ဆိုင်ကစားသွားရမှာ ဖြစ်ပါတယ်။