ရန်ကုန်-ဒလ ကူးတို့သင်္ဘော ဗုံးပေါက်ကွဲမှု ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လုပ်တာမဟုတ်ဘူးလို့ NUG ယတိပြတ်ငြင်းဆို

အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရမှုရှိခဲ့တဲ့ ရန်ကုန်-ဒလ ကူးတို့သင်္ဘော ဗုံးပေါက်ကွဲမှုဟာ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေ လုပ်တာမဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယတိပြတ်ငြင်းဆိုတဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လိုက်နာရမယ့် စစ်သည်တော်ကျင့်ဝတ်တွေကို ချမှတ်ထားပြီး စစ်ရေးဆိုင်ရာပစ်မှတ် သတ်မှတ်ချက်မှာ အရပ်သားပြည်သူတွေကို ခြိမ်းခြောက်တာ၊ ပစ်မှတ်ထား တိုက်ခိုက်တာ မပြုရဘူးလို့ တရားဝင် ပြဌာန်းထားပြီးဖြစ်တယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရပ်သားလူထု ဘေးအန္တရာယ် ထိခိုက်စေနိုင်တဲ့ အခြေအနေရှိရင် အကြမ်းဖက် စစ်ကောင်စီကို တိုက်ခိုက်ဖို့ စီစဉ်ထားတဲ့ လုပ်ငန်းတွေကိုတောင် ပယ်ဖျက်ခဲ့ဖူးတဲ့ သာဓက အမြောက်အများရှိတဲ့အတွက် ပေါက်ကွဲမှုဖြစ်စဥ်ဟာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိဘူးလို့ အဲ့ဒီသတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့ကြောင့် ဒီအကြမ်းဖက်လုပ်ရပ်ကို အပြင်းထန်ဆုံး စကားလုံးတွေနဲ့ ပြစ်တင်ရှုတ်ချတာနဲ့ တချိန်တည်းမှာပဲ အမှန်တကယ် ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူနိုင်ဖို့ ပြည်သူလူထုနဲ့ လက်တွဲ လုပ်ဆောင်သွားမယ်လို့လည်း ဆိုထားပါတယ်။

ဒီဗုံးပေါက်ကွဲမှုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက် ညပိုင်းက ခရီးသည်တွေ တင်ဆောင်မောင်းနှင်လာတဲ့ ဒလ-ရန်ကုန်ကူး ခရီးသည်တင်ချယ်ရီ (၂) ရေယာဉ်ပေါ်မှာ ဖြစ်ပွားခဲ့တာပါ။

အဲ့ဒီရေယာဉ်ပေါ်က ဗုံးပေါက်ကွဲမှုကြောင့် ခရီးသွားပြည်သူ ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေကို လူမှုရေးအသင်းအဖွဲ့တွေက ရန်ကုန်ဆေးရုံကြီးကို တင်ပို့ဆေးကုသပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီပေါက်ကွဲမှုဖြစ်ပြီး နာရီပိုင်းအကြာမှာ ဒလ -PDF နဲ့ မဟာမိတ် အင်အားစုတွေက သူတို့နဲ့မသက်ဆိုင်ကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဒီပေါက်ကွဲမှုဟာ စစ်အုပ်စုနဲ့ ဒလန်တွေက PDF အယောင်ဆောင်ပြီး ထိခိုက်စေနိုင်တဲ့ နေရာတွေမှာ ဖောက်ခွဲမှုတွေ ပြုလုပ်နေတာကို တွေ့နေရတယ်လို့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

စစ်‌အုပ်စုနဲ့ ပတ်သက်တဲ့ နေရာတွေမှာသာ ဖောက်ခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူတွေ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်အောင် လုံးဝလုပ်ဆောင်မှာ မဟုတ်ဘူးလို့လည်း အသိပေးထားပါတယ်။ စစ်ကောင်စီကတော့ ဒီပေါက်ကွဲမှုဖြစ်စဥ်ဟာ ဒေသကာကွယ်ရေးအဖွဲ့တွေ လုပ်ဆောင်တာဖြစ်တယ်လို့ ဒီဇင်ဘာ ၁၉ ရက်မှာ သတင်းထုတ်ပြန် စွပ်စွဲထားပါတယ်။