KNU ထိန်းချုပ်ရာ တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီတပ်တွေက လေကြောင်းနဲ့ နှစ်ရက်ဆက် တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကေအဲန်ယူ မူတြော်သတင်းစဉ်က မနေ့က ဒီဇင်ဘာ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာ ၁၈ နဲ့ ၁၉ ရက်နှစ်ရက်အတွင်း မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မဲဝိုင်ကျေးရွာအုပ်စုထဲက ဒေသခံတွေနေထိုင်တဲ့ ကျေး ရွာတွေထဲ တိုက်လေယာဉ်နဲ့ဗုံးရှစ်လုံး ကြဲချခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာ ၁၈ ရက် ညနေငါးနာရီဝန်းကျင်မှာ မဲဝိုင်ကျေးရွာအုပ်စု၊ ခလိုခီးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ် ရှစ်လုံးနဲ့စပါးကြိတ်စက် တလုံးထိခိုက်ပျက်စီးခဲ့ကာ၊ အဲ့ဒီနေ့ ညနေ ခုနစ်နာရီခွဲဝန်းကျင်မှာပဲ ဝါးသိုးလော် ကျေးရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ လူနေအိမ် ဆယ့်တလုံးနဲ့စပါးကြိတ်စက် တလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၁၉ ရက်မှာလည်း စစ်ကောင်စီတိုက်လေယာဉ်တွေက မနက် ရှစ်နာရီမှာတကြိမ် ဆယ်နာရီဝန်းကျင်မှာတကြိမ် မဲဝိုင်ကျေးရွာအုပ်စု၊ ခေါဝါးရွာက ရွာသားတွေရဲ့ လယ်ယာ၊ တောင်ယာ လုပ်ငန်းခွင်တွေထဲကို စုစုပေါင်း ဗုံးလေးလုံးလာရောက်ကြဲချခဲ့တယ်လို့ ဒေသခံတွေကပြောခဲ့ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။
အခုလို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဗုံးတွေလာရောက်ကြဲချခဲ့လို့ ဒေသခံရွာသားတွေရဲ့ နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရတာကြောင့် ရွာသားတွေ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ တပ်မဟာ ၅ နယ်မြေထဲမှာ လေကြောင်းစစ်ဆင်ရေးတွေ ပိုမိုလုပ်ဆောင်လာ တယ်လို့ လည်း မူတြော်သတင်းစဉ်ထုတ် ပြန်ချက် ကဆိုပါတယ်။
KNU ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ ကျုံးဒိုး မြို့နယ်၊ဖားကျ ကျေးရွာဘက်ကိုလည်း မနေ့က စစ် တပ်ကလက်နက်ကြီးတွေပစ်ခတ်လို့ လူနေအိမ်လေး လုံးထိခိုက်ပျက်စီးခဲ့ပါသေးတယ်။