ဘီလားရုစ် နိုင်ငံကနေ ရုရှားတပ်တွေ ထိုးဖောက်ဝင်ရောက်လာမှာကို စိုးရိမ်တဲ့အတွက် ယူကရိန်းဟာ မြောက်ပိုင်းနယ်စပ် ဒေသတွေမှာ လုံခြုံရေး တင်းကျပ်ထားလိုက်ပါတယ်။
ယူကရိန်း ဒုတိယ ပြည်ထဲရေးဝန်ကြီး ယက်ဗ်ဟန်း ယန်နင်က ဘီလားရုစ်နဲ့ နယ်နိမိတ် တလျှောက်က နယ်ခြားစောင့် စခန်းတွေဆီ တပ်အင်အားနဲ့ လက်နက်ခဲယမ်း မီးကျောက်တွေ တိုးမြှင့် ပို့ဆောင်နေကြောင်း အတည်ပြုခဲ့ပါတယ်။ ဘီလားရုစ်ဟာ ရုရှားရဲ့ အရင်းနှီးဆုံး မဟာမိတ် နိုင်ငံတစ်ခုဖြစ်ပြီး ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင် ကြိုးဆွဲရာကတဲ့ ရုပ်သေးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေး သတ်မှတ် ခံထားရပါတယ်။
ယူကရိန်းမှာ ရုရှားက ကျူးကျော်စစ် စတင်ဆင်နွှဲတုန်းကလည်း လူကာရှန်ကိုဟာ ပူတင်ရဲ့ တောင်းဆိုမှုကို လိုက်လျောပြီး ရုရှားတပ်တွေကို ဘီလားရုစ် ပိုင်နက်ကနေတဆင့် ယူကရိန်း နိုင်ငံထဲ ဝင်ရောက်ခွင့် ပြုခဲ့ဖူးပါတယ်။
ယူကရိန်း အစိုးရက ရုရှားဟာ ဘီလားရုစ်ကို အခြေစိုက်စခန်းအဖြစ် အသုံးပြုပြီး နိုင်ငံမြောက်ပိုင်းကို ခြိမ်းခြောက်လာတဲ့ အခြေအနေမျိုး နောက်တစ်ကြိမ် ကြုံလာနိုင်ကြောင်း သတိပေးထားပါတယ်။ ဒီဇင်ဘာ ၁၉ ရက်မှာတော့ ပူတင်ဟာ လူကာရှန်ကိုနဲ့ တွေ့ဆုံဖို့ မင့်စ်ခ်မြို့ကို သွားရောက်ခဲ့တဲ့နောက် ယူကရိန်းက အဲဒီ ဖြစ်နိုင်ခြေအပေါ် ပိုပြီး စိုးရိမ်လာသလို နယ်စပ် လုံခြုံရေးကိုပါ မြှင့်တင်ဖို့ အလောတကြီး စီစဉ်လာတာပါ။
ဘီလားရုစ်ဟာ ရုရှားနဲ့ရော၊ ယူကရိန်းနဲ့ပါ နယ်စပ်ချင်း တိုက်ရိုက် ထိစပ်နေတာကြောင့် ရုရှားတပ်တွေဟာ ဘီလားရုစ်ကိုဖြတ်ပြီး ယူကရိန်းကို ဝင်ရောက်ဖို့ လမ်းကြောင်း သင့်နေပါတယ်။
တစ်ချိန်တည်းမှာပဲ ရုရှားဟာ ဘီလားရုစ်ကို တပ်တွေ စေလွှတ်ထားတာကြောင့် ယူကရိန်း အနေနဲ့ လုံးဝ မပေါ့ဆရဲဘဲ စောင့်ကြည့်နေပါတယ်။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဘီလားရုစ်ရောက် ရုရှားတပ်တွေဟာ စစ်ရေးလေ့ကျင့်ဖို့ သက်သက်သာ ဖြစ်တယ်လို့ အကြောင်းပြထားပါတယ်။
ပူတင်ဟာ မင့်စ်ခ်မြို့ကို သွားရောက်တဲ့ ခရီးစဉ်အတွင်း စစ်ပွဲမှာ ဘီလားရုစ်ပါ ပါဝင်တိုက်ခိုက်ဖို့ လူကာရှန်ကိုကို စည်းရုံးဖွယ်ရှိကြောင်း ထင်ကြေးတွေလည်း ပျံ့နှံ့နေပေမယ့် ရုရှား အစိုးရကတော့ ဒီကိစ္စကို အပြတ် ငြင်းဆိုထားပါတယ်။ စစ်ရေးလေ့လာသူ အများစုကလည်း အားနည်းချက် တပုံတပင်နဲ့ ဘီလားရုစ် စစ်တပ်ဟာ စစ်ရည်ဝနေတဲ့ ယူကရိန်းကို ကိုယ်တိုင် တိုက်ခိုက်ဖို့အထိ အတင့်ရဲဖွယ် မရှိဘူးလို့ သုံးသပ်ထားကြပါတယ်။