ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့တဲ့ ရလဒ်ကို အကြောင်းပြုပြီး ပြင်သစ် လက်ရွေးစင် ကစားသမား ၃ ဦးဟာ ဆိုးရွားတဲ့ လူမျိုးရေး ခွဲခြား တိုက်ခိုက်မှုတွေနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။
ကမ္ဘာ့ဖလား ဒုတိယဆုရှင် ပြင်သစ် အသင်းရဲ့ လူမည်း ကစားသမားတွေ ဖြစ်ကြတဲ့ ကင်စလေ ကိုးမန်း၊ ရော်နယ်လ် ကိုလို မူယာနီနဲ့ အော်ရီလီယန် ချူမန်နီတို့ သုံးဦးဟာ အွန်လိုင်းမှာ လူမျိုးရေး ခွဲခြားပြီး ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ကြုံနေရပါတယ်။ ပြင်သစ် ဘောလုံး အဖွဲ့ချုပ်က ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပေမယ့် အရေးယူ စုံစမ်းမှုတွေ ပြုလုပ်သွားဖွယ် ရှိနေပါတယ်။
အာဂျင်တီးနားကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ကိုးမန်းနဲ့ ချူမန်နီတို့ နှစ်ဦးဟာ သူတို့ရဲ့ ပင်နယ်တီတွေကို ဂိုးဝင်အောင် မသွင်းနိုင်ခဲ့ပါဘူး။ မူယာနီကတော့ အချိန်ပို နောက်ဆုံးမိနစ်မှာ ရရှိတဲ့ အပိုင်အခွင့်အရေးကို အသုံးမချနိုင်တာကြောင့် ပြင်သစ်ရဲ့ အဖိုးတန် အနိုင်ဂိုးကို ဖြုန်းတီးမိသလို ဖြစ်သွားခဲ့ပါတယ်။
အခုဆိုရင် မူယာနီနဲ့ ချူမန်နီတို့ နှစ်ဦးဟာ သူတို့ရဲ့ လူမှုကွန်ရက် အကောင့်တွေကိုတောင် ယာယီ ပိတ်ထားရပါတယ်။ ကိုးမန်း ပါဝင်ကစားနေတဲ့ ဂျာမန် ထိပ်တန်း ဘောလုံးကလပ် ဘိုင်ယန်မြူးနစ်က သူတို့ရဲ့ ကစားသမားအပေါ် မလျော်မကန် လူမျိုးရေး တိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ပါတယ်။ ဒီလုပ်ရပ်တွေနဲ့ ပတ်သက်လို့လည်း ဘိုင်ယန်က အပြင်းအထန် ရှုတ်ချပြီး သူတို့ရဲ့ ကစားသမားနဲ့အတူ ရပ်တည်မှာဖြစ်ကြောင်း၊ ဘောလုံး အားကစားမှာ လူမျိုးရေး ခွဲခြားမှုအတွက် နေရာမရှိကြောင်း ဘိုင်ယန်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဥရောပဖလား ဗိုလ်လုပွဲမှာ အီတလီကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်တုန်းကလည်း ပင်နယ်တီ မဝင်ခဲ့တဲ့ အင်္ဂလန် ကစားသမားတွေဖြစ်တဲ့ မားကက်စ် ရက်ရှ်ဖို့ဒ်၊ ဂျေဒန်ဆန်ချိုနဲ့ ဘူကာယို ဆာကာတို့ကို ပစ်မှတ်ထားတဲ့ လူမျိုးရေး ခွဲခြားတိုက်ခိုက်မှုတွေ ရှိခဲ့ဖူးပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)နဲ့ ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)တို့ဟာ ဘောလုံးကွင်းတွေမှာ လူမျိုးရေး ခွဲခြားမှုတွေ ပပျောက်အောင် အစွမ်းကုန် ကြိုးစား ဆောင်ရွက်နေပေမယ့် ဒီလို ဆိုးယုတ်တဲ့ အကျင့်တွေကတော့ ပရိသတ် တချို့ဆီမှာ ဆက်ပြီး အမြစ်တွယ်နေဆဲ ဖြစ်ပါတယ်။