ပုသိမ်ထောင်က နိုင်ကျဉ်း ၈ ဦးကို စစ်တပ်က ထောင် ၅ နှစ်စီချ

ပုသိမ်အကျဉ်းထောင်မှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၈ ဦးကို စစ်ကောင်စီရဲ့ ထောင်တွင်းတရားရုံးကနေ ထောင် ၅ နှစ်စီ ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

“အကြမ်းဖက်ပုဒ်မ ၅၂(က) နဲ့ ထောင် ၅ နှစ်စီ ချလိုက်တာပုသိမ်က ၇ ယောက် ငပုတောက တစ်ယောက်ပါ” လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ထောင်ဒဏ် ၅ နှစ် ကျခံရသူတွေကတော့ ပုသိမ်မြို့ခံတွေဖြစ်တဲ့ ကဗျာဆရာ လူစစ်နိုင် (ခေါ် ) တင်ကိုထက် (ခေါ်) ကိုဂေး ၊ ကိုရဲလင်းထက် (ခေါ်) သားပု၊ ကို​ထွန်းလင်းဦး ၊ ကိုချစ်စန်းမောင်၊ ကိုဇော်မင်းထွန်း (ခေါ်) မောင်ဇော် ၊ ကိုဇင်လင်းထိုက် (ခေါ်) တွတ်နီ၊ ဦးထွန်းအေးနဲ့ ငပုတောမြိုနယ်က ကိုဇော်လှိုင်ဦး (ခေါ်) မင်းမင်းတို့ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ပုသိမ်မြို့ခံကဗျာ ဆရာတွေအနက် ကဗျာဆရာ လူဖန်ခါး (ကိုထက်လင်းစိုး) လည်း ပုဒ်မ ၈ ခုဖြင့် ထောင် ၂၈ နှစ် ၆ လ ချမှတ်ထားပါတယ်။

ပုသိမ်ထောင်တွင်းမှာ ပုသိမ်ခရိုင် ၇ မြို့နယ်က နိုင်ငံရေး အကျဉ်းသား ၄၀၀ ကျော်ရှိနေပြီး ထောင်တွင်းတရားရုံးက ထောင်ဒဏ်အသီးသီး ချမှတ်ပြီးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား အမျိုးသား အမျိုးသမီး ၁၉၀ နီးပါး ရှိလာပြီလို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေထံက သိရပါတယ်။