ညောင်တုန်းမှာ PDF တွေဝင်လာတယ်ဆိုကာ ညတိုင်းဧည့်စာရင်းစစ်နေ

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်က ကျေးရွာတွေမှာ PDF အဖွဲ့တွေ ဝင်လာတယ်လို့ဆိုကာ အခုလ (၁၅) ရက်ကစပြီး စစ်ကောင်စီ လက်အောက်ခံ အဖွဲ့တွေက ညတိုင်းဧည့်စာရင်းစစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ညောင်တုန်းမြို့နယ် အတွင်းက ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအစပ်ရွာတွေဖြစ်တဲ့ မဲဇလီ၊ စွန်တနီး၊ ကုက္ကိုလ်ဝ၊ ကျောင်းစု၊ ဘုရားကျောင်း၊ ကတုက္ကမအပါအဝင် ရန်ကုန်-ပုသိမ်-ဟင်္သာတကားလမ်းမပေါ်က ဆားမလောက်၊ တူးချောင်း၊ နတ်ပေး၊ တာကွေ့၊ ကျုံတမာ၊ စက္ကော့ စတဲ့ကျေးရွာတွေမှာ PDF အဖွဲ့တွေ လာရောက်ခိုအောင်းနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ညတိုင်းဧည့်စာရင်းစစ်နေတာလို့ ဆိုပါတယ်။

“ညနက်အချိန်ဆိုရင် လာစစ်ပြီ၊ ငါးရက်လောက်ရှိနေပြီ၊ အိမ်ထဲမှာနေတဲ့သူတွေကို သန်ခေါင်းစာရင်းနဲ့တိုက်စစ်တယ်၊ ဖုန်းတွေစစ်တယ်၊ PDF အဖွဲ့တွေ ပတ်သက်တာ ရှိမရှိမေးတယ်။ ထောက်ပို့နေတာလားပေါ့၊ ဖမ်းခံရတာတော့ မကြားမိသေးဘူး” လို့ ကျောင်းစုရွာခံ အမျိုးသမီးတဦးက ပြောပါတယ်။

အဲ့ဒီလို ဧည့်စာရင်းစစ်ဆေးတာဟာ ကျေးရွာတွေထဲက နေအိမ်တွေ အကုန်လုံးကို စစ်ဆေးတာမျိုးမဟုတ်ဘဲ စစ်ကောင်စီ သတင်းပေးတွေက ညွှန်ပြတဲ့နေအိမ်တွေကိုသာ ဝင်ရောက်စစ်ဆေးမှုလုပ် တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲ့လိုစစ်ဆေးရာမှာ နိုင်ငံရေးလုပ်တယ်ဆိုတဲ့ မသင်္ကာစရာ အချက်တွေတွေ့တယ်ဆိုကာ စစ်ကောင်စီအဖွဲ့တွေက အကြမ်းဖက် ဖမ်းဆီးသွားပြီး ငွေကျပ်သိန်းချီပေးမှ ပြန်လည်လွှတ်ပေးတာမျိုးတွေလည်း ရှိတယ်လို့ တူးချောင်း ရွာခံတဦးက ပြောပါတယ်။

“ဧည့်စာရင်းစစ်ရင်း (လူမှုကွန်ရက်မှာ) နိုင်ငံရေးပို့စ်တွေ့လို့ဆိုပြီးတော့ လူငယ်နှစ်ဦး အဖမ်းခံရသေးတယ်၊ တပ်ထဲကို ဖမ်းခေါ်သွားလို့ ငွေဆယ်သိန်းပေးမှ ပြန်လွတ်လာတယ်” လို့ သူကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ဝန်းကျင်းအတွင်း ညောင်တုန်းမြို့နယ်မှာ ဆားမလောက်ကျေးရွာ အထက်တန်းကျောင်း ဗုံးပေါက်ကွဲမှု၊ တူးချောင်းကျေးရွာက စစ်တပ်ပိုင် မိုင်တဲလ်ဖုန်းတာဝါတိုင် ဗုံးဖောက်ခွဲခံရမှု၊ ညောင်တုန်းမြို့နယ် စည်ပင်သာယာရေးရုံး ဗုံးပစ်ခံရမှုနဲ့ စစ်ကောင်စီထောက်ခံတဲ့အမှတ် (၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးတဦး ပစ်ခတ်ခံရမှု စတဲ့ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။