စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေပေမယ့် လောက်ကိုင် အခြေအနေတည်ငြိမ်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့အနီးမှာ ကိုးကန့်လက်နက်ကိုင်တပ် MNDAA နဲ့ ပြည်သူ့စစ်တွေ နှစ်ဘက်တပ်ဆိုင်ထားပြီး စစ်ရေးအခြေအနေတင်းမာနေပေမယ့် နယ်မြေအခြေအနေကတော့ ပြန်လည်တည်ငြိမ်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တို့ လောက်ကိုင်နဲ့ မိုင်နှစ်ဆယ်ကျော်သာဝေးတဲ့ ချင်းရွှေဟော်မြို့အနီးမှာ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် လောက်ကိုင်မြို့ကိုလည်း MNDAA က ထိုးစစ်ဆင်မယ်ဆိုတဲ့ သတင်းတွေထွက်ကာ မြို့မှာအခြေချနေထိုင်သူ အများအပြား ကြိုတင်တိမ်းရှောင်ကာ မတည်မငြိမ် ဖြစ်ခဲ့တာပါ။

“MNDAA က အရင်နေရာမှာပဲ တပ်စွဲထားတယ်၊ ပယ်ဆောက်ချိန်ရဲ့ လောက်ကိုင် ပြည်သူ့စစ်ကလဲ တပ်ဆိုင်ထားတယ်၊ ဒေသခံတွေကတော့ သိပ်မရှောင်ကြပါဘူး၊ ခုတော့ အတက်အဆင်းက ပုံမှန်ပြန် ဖြစ်နေပြီ” လို့ လောက်ကိုင်မြို့ခံတဦးက DNA ကိုပြောပါတယ်။

နယ်မြေအခြေအနေ တည်ငြိမ်လာတဲ့အတွက် တရုတ်ဘက်က နှစ်ရက်ကြာပိတ်ထားခဲ့တဲ့ ရန်လုံကျိုင်းဂိတ်ကို ပြန်လည်ဖွင့်လှစ်ထားပြီး ကုန်စည်သယ်ယူပို့ဆောင်တာတွေအပြင် ပုံမှန်ဝင်နေကျ တရုတ်လူမျိုးတွေလည်း ပြန်လည်ဝင်ရောက်တာတွေ ပြုလုပ်နေပြီလို့ ဆိုပါတယ်။

“မီးကလဲ ပုံမှန်ပြန်ဖြစ်နေပြီ၊ အရင်က စာထုတ်တာကလဲ ပွဲဆူတုန်းပဲ ထုတ်တာပါ ခုလဲတရုတ်တွေလဲပြန်ဝင်လာပြီ” လို့ ဒေသခံတဦးက ဆိုပါတယ်။

လောက်ကိုင်မြို့မှာ ကိုးကန့် MNDAA တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေအကြား အခုလအတွင်း တိုက်ပွဲတွေ ပြင်းထန်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာကြောင့် အခြေခံစားသောက်ကုန်စျေးနှုန်းတွေ ရုတ်တရက် မြင့်တက်ခဲ့သလို တရုတ်ယွမ်စျေးတွေပါ မြင့်တက်ခဲ့တာကြောင့် အုပ်ချုပ်ရေးအာဏာပိုင်တွေဘက်က စစ်ပွဲသတင်းကောလဟာလတွေ ဖြန့်ဝေရင် အရေးယူမယ်လို့ စာထုတ်တားမြစ်ရတဲ့အထိ ဖြစ်ခဲ့တာပါ။

လောင်ကိုင်နဲ့ မိုင်နှစ်ဆယ်ဝန်းကျင်သာဝေးတဲ့ ချင်းရွှေဟော်မြို့အနီးက MNDAA တပ်စခန်းကို နိုဝင်ဘာ (၂၈) ရက်မှာ စစ်ကောင်စီနဲ့ ကိုးကန့်နယ်ခြားစောင့် ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ရာက တိုက်ပွဲပြင်းထန်ခဲ့ပြီး လောက်ကိုင်မြို့ကိုပါ ဂယက်ရိုက်ခဲ့တာ ဖြစ်ပါတယ်။