ဟိုပုံးမြို့အနီးမှာ ချေမှုန်းရေးရိုင်ဖယ် ငါးရာနီးပါးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိတယ်လို့ဆို

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဆော်တောကျေးရွာအနီးမှာ Type-81 အမျိုးအစား ချေမှုန်းရေးရိုင်ဖယ် (၄၉၉) လက်၊ ကျည်အိမ် ၄၉၈ ခုနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ဒီဇင်ဘာ (၁၈) ရက်မှာ ထုတ်ပြန်ပါတယ်။

အဲ့ဒီချေမှုန်းရေးရိုင်ဖယ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို NUG၊ PDF တို့နဲ့ သက်ဆိုင်တဲ့ လက်နက်တွေဖြစ်ပြီး PDF တွေက လျှို့ဝှက်သယ်ဆောင်လာတာ ဖြစ်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

လက်နက်တွေ သယ်ဆောင်လာတဲ့ ဒိုင်နာကားဟာ ဒီဇင်ဘာ (၁၇) ရက် မနက်ပိုင်းမှာ ပင်လုံမြို့ ဆနင်းကျေးရွာဘက်ကနေ ရပ်စောက်မြို့နယ် ပင်ဖြစ်ကျေးရွာဘက်ကို မောင်းလာချိန်မှာ မသင်္ကာလို့ရပ်ခိုင်းရာက မောင်းပြေးသွားခဲ့ပြီး ဟိုးပုံးမြို့နယ်အတွင်းမှာ ပိတ်ဆို့ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့လည်းဖော်ပြပါတယ်။

မောင်းပြေးသွားတဲ့ ကားနဲ့ကားပေါ်ပါလာတဲ လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့ပေမယ့် ယာဉ်မောင်းနဲ့ ကားပေါ်ပါသူတွေကတော့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် အဲ့ဒီလက်နက်တွေ စစ်ကောင်စီက သိမ်းဆည်းခဲ့တာနဲ့ ပတ်သက်ပြီး NUG နဲ့ PDF တပ်ဖွဲ့တွေဘက်က ဒီကနေ့အထိ တစုံတရာ ထုတ်ဖော်ပြောဆိုတာမရှိသေးသလို စစ်အုပ်စုရဲ့ ဝါဒဖြန့်လုပ်ရပ်တခုလို့ ရှုမြင်နေကြတာတွေလည်း ရှိပါတယ်။

မြေပြင်တော်လှန်ရေး အင်အားစုတချို့ကို DNA က ဆက်သွယ်မေးမြန်းရာမှာလည်း အဲ့ဒီလက်နက်တွေသိမ်း ဆည်းခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ တော်လှန်ရေး အင်အားစုတွေနဲ့ သက်ဆိုင်တယ်ဆိုတဲ့ အထောက်အထားမရသေးဘူးလို့ ပြောကြပါတယ်။

“ကျွန်တော်တို့နဲ့ မြေပြင်မှာ ချိတ်ဆက်နေတဲ့အဖွဲ့တွေလည်း ရှိတယ်ပေါ့နော၊ စစ်ကိုင်းတို့ မကွေးတို့ မန္တလေးတို့ ရောပေါ့လေ၊ ကျွန်တော်တို့နဲ့ ချိတ်ဆက်မိတဲ့ အဖွဲ့တွေကတော့ အဲလိုမျိုး ပစ္စည်းတွေ ပါသွားတယ်ဆိုတာ မရှိဘူး” လို့ စစ်ကိုင်းတိုင်းအတွင်း အခြေစိုက်တဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံက DNA ကိုပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA နဲ့အပြင်းအထန်ဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ရာမှာလည်း PDF တွေရဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ခဲ့ဖူးပြီး TNLA အဖွဲ့က မဟုတ်မှန်ကြောင်း ပြန်လည်ရှင်းလင်းခဲ့ရပါတယ်။

အခုဟိုပုံးမြို့မှာ လက်နက်တွေသိမ်းဆည်းရရှိတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်ကလည်း အလားတူ ဝါဒဖြန့် သတင်းမျိုးဖြစ်နိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က သုံးသပ်ပါတယ်။

ကရင်ပြည်နယ်အတွင်း အခြေပြုနေတဲ့ CDM ဗိုလ်ကြီးတဦးကတော့ စစ်ကောင်စီက ဖမ်းမိတယ်လို့ ထုတ်ပြန်ထားတဲ့ လက်နက်တွေဟာ “ဝ” တပ်ဖွဲ့ ထုတ် ရိုင်ဖယ်တွေဖြစ်ပြီး စစ်တပ်က သုံးလေ့ရှိတဲ့ လက်နက်မဟုတ်ဘူးလို့ ပြောပြပါတယ်။

“ခုကျွန်တော်တို့ဆီမှာ တလက်ရှိတယ်၊ ”ဝ” အေကေလို့ ခေါ်တယ်၊ တိုင်းရင်းသားလက်နက်ကိုင်ထဲမှာမှ “ဝ” တွေထုတ်တယ်၊ သူတို့ပဲ အများဆုံးသုံးတာ၊ စစ်တပ်မသုံးဘူး။ ကျွန်တော်တို့တပ်ထဲမှာတုန်းကလည်း မတွေ့ဖူးဘူး။ နောက်ဆုံးဖမ်းလဲ အဲ့လိုလက်နက်တွေဆို နားလည်မှုနဲ့ ”ဝ” ဆီပဲ ပြန်ရောက်ရောက်သွားတာများတယ်”လို့ သူက ပြောပါတယ်။

စစ်အုပ်စုရဲ့ ဝါဒဖြန့် လူမှုကွန်ရက် စာမျက်နှာတွေမှာလည်း အဲ့ဒီချေမှုန်းရေး ရိုင်ဖယ်တွေဟာ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) ရဲ့ လက်နက်တွေဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေဆီ ပေးပို့စဉ် လမ်းမှာဖမ်းဆီးရမိတာ ဖြစ်တယ်လို့ ရေးသားဖော်ပြကြပါတယ်။