ပုသိမ်မြို့က ကဗျာဆရာ လူဖန်ခါးကို စစ်တပ်က ထောင်နှစ်သုံးဆယ်နီးပါးချ

စစ်တပ်က ဖမ်းဆီးထားတာ နှစ်နှစ်နီးပါး ကြာပြီဖြစ်တဲ့ ပုသိမ်မြို့ခံ ကဗျာဆရာ လူဖန်ခါး (ခ) ကိုထက်လင်းစိုးကို စစ်ကောင်စီက ပုဒ်မအမျိုးမျိုးနဲ့ စွဲဆိုထားတဲ့ အမှုရှစ်မှုအတွက် စုစုပေါင်း ထောင် ၂၈ နှစ်နဲ့ ခြောက်လချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

“ဧရာဝတီတိုင်း CRPH ဖွဲ့တော့ သူ့နာမည်စာရင်းပါတာကို တွေ့သွားတာ၊ အဲ့ဒါအတွက်က နှစ် (၂၀) ချတာ၊ တကယ်တော့ ဥပဒေဆိုတာထက် သူတို့ချချင်ရင်ချတာပါပဲ” လို့ ကဗျာဆရာလူဖန်ခါးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကဗျာဆရာ လူဖန်ခါး (ခ) ကိုထက်လင်းစိုးကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မတ်လ (၂၉) ရက်မှာ ဖမ်းဆီးခဲ့ပြီးနောက် ရာဇသတ်ကြီး ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ (၁၂၂) (၁၂၄)၊ ပုဒ်မ (၅၀၅) သုံးမှု၊ ပုဒ်မ ၃၃၂၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့စွဲဆိုထားတဲ့ အမှုနှစ်မှု စုစုပေါင်း အမှုရှစ်မှုအတွက် အခုလို ထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

သူ့ကို စွဲဆိုထားတဲ့ အမှုရှစ်မှုထဲက ပုဒ်မ (၅၀၅) အမှုတမှုအတွက် ဒီကနေ့မှာ စစ်ကောင်စီ တရားရုံးက ထောင်နှစ်နှစ်ချခဲ့တာကြောင့် စုစုပေါင်း ထောင်ဒဏ် (၂၈) နှစ်နဲ့ခြောက်လအထိရှိလာပြီး အမှုအားလုံး ပြီးပြတ်ပြီလို့ သိရပါတယ်။

ကဗျာဆရာလူဖန်ခါးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ (၂၂) ရက်က တရားရုံးချိန်းမှာ ” ငါရှုံးပါစေ၊ တရားကနိုင်ပါစေ” လို့ တရားသူကြီးကို ပြောဆိုခဲ့သူဖြစ်ပြီး ဒီကနေ့တရားခွင်အတွင်း အမိန့်ချချိန်မှာတော့ သီးသန့်မှတ်ချက်ပေးတာ မရှိဘူးလို့ ဆိုပါတယ်။

ကဗျာဆရာလူဖန်ခါး (ခေါ်) ကိုထက်လင်းစိုးကို အာဏာသိမ်းမှု ဆန့်ကျင်ရေး သပိတ်တွေမှာ ဦးဆောင်ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်အုပ်စုက စတင်ဖမ်းဆီးချိန်မှာ အရပ်ဝတ်တွေနဲ့ ရိုက်နှက်အင်အားသုံး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

လက်ရှိ ပုသိမ်အကျဉ်းထောင်အတွင်း အကျဉ်းချခံထားရတဲ့ ကဗျာဆရာ လူဖန်ခါး (ခ) ကိုထက်လင်းစိုးဟာ ကျန်းမာရေးကောင်းနေပေမယ့် ပိန်ကျသွားတယ်လို့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ဖမ်းဆီးခဲ့တဲ့ ပုသိမ်မြို့ခံ ကဗျာဆရာ နောက်တဦးဖြစ်တဲ့ လူစစ်နိုင် (ခ) ကိုထင်ကိုထက်ကိုလည်း အခုလ (၁၅) ရက်မှာ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) နဲ့ ထောင်ငါးနှစ်ချမှတ်ခဲ့ပါတယ်။