ပျူစောထီးတွေ သောင်းကျန်းနေတဲ့ နွားထိုးကြီးမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး သတ်ဖြတ်ခံရ

မန္တလေးတိုင်း နွားထိုးကြီးမြို့မှာ မနေ့ ဒီဇင်ဘာ ၁၈ ရက်က ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ယောက်ကို အရပ်ဝတ်တွေနဲ့ လာရောက်ဖမ်းဆီးတာ ခံလိုက်ရပြီးနောက်ပိုင်း ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ ညပိုင်းမှာ နွားထိုးကြီး အမှတ် ၃ ရပ်ကွက်ရှိ နီလာလျှပ်စစ်ဆိုင်မှာ အသက် ၃၇ နှစ်အရွယ် မလဲ့လဲ့ဦးဆိုသူ အမျိုးသမီး ဖမ်းဆီးခံရပြီး နောက်တရက်မှာ အလောင်းကို မြင်းခြံခရိုင်တောင်သာမြို့အနီးမှာ ပြန်တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

” ကျနော်သိရသလာက် သေနတ်တွေကိုင်ပြီး အရပ်ဝတ်နဲ့ ညကြီးဝင်ဖမ်းသွားတာပေါ့။ သူကကိုယ်ဝန်ဆောင်လို့တော့ ပြောနေကြတယ်။ ရက်ရက်စက်စက် ဓားနဲ့ထိုးသတ်ပြီး အလောင်းကို လမ်းဘေးမှာစွန့်ပစ်ထားခဲ့တာပါ ” လို့ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

နွားကြီးမြို့မှာဆိုရင် ပြီးခဲ့တဲ့လတွေမှာNLD ပါတီဝင်တွေနဲ့ အားပေးထောက်ခံသူတွေ ညဖက်ဖမ်းခံရပြီး မနက် အလောင်းစွန့်ပစ်ခံရမှုတွေဆက်တိုက်ဆိုသလိုဖြစ်ခဲ့ပြီး အခု မလဲ့လဲ့ဦးသတ်ဖြတ်ခံရမှုမှာလည်း အရပ်ဝတ်ပျူစောထီးတွေရဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။

“သူ့အမျိုးသားက အမေစု အမာခံဗျ။ ဆန္ဒတွေပြခဲ့ကြတုန်းကလည်း တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။ သူကို လာဖမ်းတာမတွေ့လို သူမိန်းမကို ဖမ်းသတ်လိုက်တာလို့ ပြောကြတယ်။ PDF ကို ဒဲ့မတိုက်ရဲဘူး မြို့ပေါ်လက်နက်ကိုင်ပြီး မိုက်ရိုင်းနေတဲ့ ပျူတွေလက်ချက်ပေါ့ဗျ ” လို့ ဒေသခံတဦးက ပြောပါတယ်။

အလားတူပဲ ပျူစောထီးအဖွဲ့တွေဟာ အခုဒီဇင်ဘာလ ၁၇ ရက်နေ့မှာလည်း နွားထိုးကြီး၊ အမှတ်၂ ရပ်ကွက်မှာနေထိုင်တဲ့ NLD ပါတီ ကော်မတီဝင်အိမ်ကို ဝင်ရောက်ရှာဖွေခဲ့ပြီး လူကိုမတွေ့တာကြောင့် ညစ်ညမ်းစာတွေးရေးကာ အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ဖျက်ဆီးပြီး လမ်းပေါ်စွန့်ပစ်ခဲ့တယ်လို့ မြင်းခြံလုထု လှုပ်ရှားမှုကော်မတီက ထုတ်ပြန်ပြောဆိုထားပါတယ်။

နွားထိုးကြီးမြို့မှာဆိုရင် ဒီဇင်ဘာလ အစောပိုင်းကစပြီး ဖမ်းဆီးသတ်ဖြတ်ခံရသူ လူပေါင်း ၁၅ ယောက် ကျော်လောက်ရှိတယ်လို ဒေသခံတွေက ပြောပါတယ်။