ပဲခူးတိုင်း၊ ဇီးကုန်းမြို့ခံ အမျိုးသားတဦးကို စစ်တပ်က ဖမ်းခေါ်သွားပြီး သုံးရက်အကြာမှာ နှလုံးရပ်သေဆုံး သွား တယ်လို့ မိသားစုကို အသိပေးကာ အလောင်းလာကြည့်ခွင့်ပြုပြီး အကျဉ်းချုံး သင်္ဂြိုလ်စေခဲ့တယ်လို့ သေဆုံး သွား သူရဲ့မိသားစုနဲ့ နီးစပ်သူတဦးကDNA ကို ပြောပါတယ်။
“သူ့မှာ ဘာနှလုံးရောဂါမှမရှိဘူး၊ရိုက်နှက်စစ်ဆေးခံရပြီး ဒါဏ်ရာဒါဏ်ချက်တွေနဲ့ဆုံးသွားတာ၊ မျက်နှာတွေမှာ လည်း ဖူးရောင်နေတယ်လို့ပြောတယ်၊ နှစ်ယောက်ပဲသွားကြည့်ခွင့်ရလို့ ကျွန်တော်လိုက်မသွားလိုက်ရဘူး”လို့ သူ ကပြောပါတယ်။
စစ်တပ်က ဖမ်းသွားပြီးနောက်သုံးရက်အကြာမှာ သေဆုံးသွားသူဟာ ဇီးကုန်းမြို့ပေါ်မှာနေထိုင်ပြီး ပန်းတိမ် လုပ် ငန်းလုပ်ကိုင်တဲ့ အသက်လေးဆယ်ကျော်အရွယ် ဦးဇေယျာဖြိုးဖြစ်တယ်လို့သိရပါတယ်။ သေဆုံးသွားတဲ့ ဦးဇေယျာဖြိုးအပါအဝင် ဇီးကုန်းမြို့နယ်ဒေသခံ သုံးဦးကို စစ်တပ်က အခုလ (၁၃)ရက်မှာ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့လည်း မြို့ခံတွေဆီကသိရပါတယ်။
စစ်ကောင်စီက ဒီဇင်ဘာ(၁၃)ရက် မနက်ပိုင်းမှာ ဇီးကုန်မြို့နယ် ထန်းတပင်ရွာက ဒေါ်သူဇာဝင်းကို ဖမ်းဆီးခဲ့ ပြီး နောက် မြို့ခံတွေဖြစ်တဲ့ ဦးဇေယျာဖြိုးနဲ့ ဦးဗိုလ်ကာတွန်းတို့နှစ်ဦးကို ဆက်လက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါ တယ်။
သူတို့သုံးဦးကို ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ မြို့ခံတွေ ရှင်းရှင်းလင်းလင်းမသိကြရသလို သေဆုံးသွားတဲ့ ဦးဇေယျာဖြိုးရဲ့မိသားစုကို အလောင်းကြည့်ခွင့်နဲ့အကျဉ်းချုံးသင်္ဂြိုလ်ခွင့်ပြုတာကလွဲလို့ မိသားစုနဲ့ အဆက် အသွယ်မရခဲ့ကြဘူးလို့ ဆိုပါတယ်။
သေဆုံးသွားသူရဲ့ ရုပ်အလောင်းကိုတော့ ဒီဇင်ဘာ(၁၇)ရက်က ဇီးကုန်မြို့ မြောင်ကြီး သုဿန်မှာ စစ်ကောင်စီ အစီအစဉ်နဲ့ အကျဉ်းချုံးနာရေး လုပ်ခဲ့ရတယ်လို့ သိရပါတယ်။လက်ရှိဆက်လက်ဖမ်းဆီးထားတဲ့ အမျိုးသမီး တဦးနဲ့ အမျိုးသားတဦးရဲ့ အခြေအနေကိုလည်း သက်ဆိုင်တဲ့ မိသားစုတွေက မသိရသေးပါဘူး။