ခန္တီးမှာ ရဲ​လေးဦး လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးလို့ အပူတပြင်းလိုက်ရှာနေတယ်လို့ဆို

 

စစ်ကိုင်းတိုင်း၊ အထက်ပိုင်း ခန္တီးမြို့နယ်၊နန်စီပွန် ကျောက်စိမ်းမှော် အထက်ဆိပ် ရဲကင်းစခန်းက ရဲလေးဦး လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးလို့ စစ်တပ်နဲ့ရဲက အပူတပြင်း လိုက်ရှာနေတယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။

အဲ့ဒီရဲလေးဦးဟာ ဒီဇင်ဘာ(၁၇)ရက် ညကတည်းက ထွက်ပြေးသွားခဲ့တာဖြစ်ပြီး လက်နက်တွေလည်း ယူဆောင် သွားလို့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက အပူအတပြင်းရှာဖွေနေသလို ကျောက်မျက်ကုမ္ပဏီဝန်ထမ်းတွေကိုလည်း ရှာဖွေခိုင်းခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ကုမ္မဏီလုံခြုံရေးဝန်ထမ်းတွေကိုလည်း ရှာခိုင်းတယ်၊စစ်သားတွေကသွားခေါ်ရှာခိုင်းတာမဟုတ်ဘူး၊ ကုမ္မ ဏီက နေပဲခိုင်းတာ၊တဆင့်ခိုင်းတာပေါ့”လို့ သူကဆိုပါတယ်။

စစ်တပ်နဲ့ရဲက ရှာဖွေမှုတွေလုပ်နေပေမယ့် အချိန်နှစ်ရက်ကြာလာပြီဖြစ်လို့ ထွက်ပြေးသွားတဲ့ရဲလေးဦး လွတ်မြောက်နယ်မြေတခုဆီ ရောက်သွားနိုင်ပြီလို့ ဒေသခံတွေက ယူဆနေကြပါတယ်။ ထွက်ပြေးသွားသူတွေဟာ တပ်သားအဆင့်  ရဲတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ကနဦးသိရပေမယ့် DNA ကသီးခြားအတည်မပြုနိုင်သေးပါဘူး။

“ဖားကန့်ဘက်ကိုပဲပြေးမယ်ထင်တယ်၊ ဖားကန့်ဘက်ရောက်သွားရင်တော့ မမိနိုင်တော့သလောက်ဖြစ်သွားပြီ၊ ဖားကန့်ဘက်မှာက လူလည်းစုံတော့ရှာဖို့မလွယ်သလို KIA ထဲရော၊ PDF ထဲရောဝင်ဖို့လွယ်တယ်”လို့ ခန္တီး ဒေသခံ တဦးကပြောပါတယ်။

အဲ့ဒီလို ရဲလေးဦးထွက်ပြေးတဲ့ကိစ္စ မဖြစ်ခင် နှစ်ရက်အလို ဒီဇင်ဘာ(၁၅)ရက်က ခန္တီးမြို့အနီးက ဟုမ္မလင်းမြို့မှာ လက်နက်ခဲယမ်းတွေနဲ့လူတချို့ ဖမ်းမိခဲ့တာရှိသလို အဲ့ဒီဖမ်းမိမှုနဲ့ဆက်စပ်ပြီး ခန္တီးမြို့မရဲစခန်းက ရဲတဦးကိုလည်း ဒီဇင်ဘာ(၁၇)ရက်မှာ စစ်တပ်က ဖမ်းခေါ်သွားတယ်လို့ DVB သတင်းဌာနက ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းအစပ် မြို့ဖြစ်တဲ့ ခန္တီးမြို့နယ်ဒေသတဝိုက်ဟာ KIA နဲ့ ရှမ်းနီ အမျိုးသားများတပ်မတော်(SNA)တို့လို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရှိသလို အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ တော်လှန်ရေး အင်အားစုတွေလည်း လှုပ်ရှားမှုရှိပါတယ်။

အာဏာသိမ်းပြီးနောက် ခန္တီးမြို့ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင် ဆယ်ဦးဝန်းကျင် CDM ဝင်တာ၊လက််နက်နဲ့အတူ ထွက်ပြေး သွားတာတွေအရင်ကလည်းရှိခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၈) ရက်နေ့ကလည်း ခန္တီးမြို့ရဲစခန်း အချုပ်ခန်းကနေ ဖမ်းဆီးခံထားရတဲ့ KIA တပ်ဖွဲ့ ဝင်တချို့၊နိုင်ငံရေးးအကျဉ်းသားတွေနဲ့ ရဲနှစ်ဦးစုစုပေါင်း(၁၄) ဦး ထွက်ပြေးခဲ့ပြီး ထွက်ပြေးတဲ့သူတွေထဲက (၅) ဦးကိုစစ်တပ်က ပြန်ဖမ်းမိခဲ့ပါတယ်။