ပန်းဆိုးတန်း-ဒလ ကူးတို့သင်္ဘောပေါ်ဗုံးပေါက်ပြီး ခရီးသွားဆယ်ဦးထက်မနည်းထိခိုက်

ရန်ကုန်မြို့၊ ပန်းဆိုးတန်းကနေ ဒလဘက်ကို နေ့စဉ် ကူးသန်းသွားလာတဲ့ သင်္ဘောပေါ်မှာဒီကနေ့ဒီဇင်ဘာ ၁၈ရက်ညပိုင်းကပေါက်ကွဲမှုဖြစ်ခဲ့ပြီး ခရီးသွားပြည်သူတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်ကိုသိသူတွေက DNA ကိုပြောပါတယ်။

ချယ်ရီသင်္ဘောပေါ်မှာပေါက်တာ။ရန်ကုန်ဘက်အခြမ်းမှာပေါက်တာ။ လူထိခိုက်တာတော်တော်များတယ်။ ဒါပေမယ့် လူသေဆုံးတာမျိုးတော့မရှိဘူးလို့ သိရတယ်လို့ ရန်ကုန်ကနေ ဒလဘက်ကိုသွားရောက်မယ့် ခရီးသွားပြည်သူတဦးက ပြောပါတယ်။

ဒီပေါက်ကွဲမှုမှာ ခရီးသွားပြည်သူ ၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့သလို ကူးတို့သင်္ဘောထိခိုက်ပျက်ဆီးမှုအချို့ရှိခဲ့တယ်လို့ ခရီးသွားပြည်သူတဦးကလည်းဆိုပါတယ်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိတဲ့ ခရီးသွားပြည်သူ တွေကို ရန်ကုန်ဆေးရုံကြီးကို အရေးပေါ်လူနာတင်ယာဥ်တွေနဲ့ ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

အခုလို ပေါက်ကွဲမှုဖြစ်ပွားတာကြောင့်ဆက်လက် ပြေးဆွဲမယ့် ရန်ကုန်ဒလခရီးစဥ်အချို့ကိုလည်း ယာယီပိတ်ခဲ့တယ်လို့ ခရီးသွားပြည်သူတွေကဆိုပါတယ်။

အခုတော့ မပြေးတော့ဘူး။ယာယီပိတ်လိုက်တာပေါ့။ညီမတို့လည်း အခု ရန်ကုန်ဘက်က အမျိုးတွေဆီမှာပဲ ညအိပ်ရတော့မှာလို့ ဒလဘက်အခြမ်းမှာနေထိုင်တဲ့ ခရီးသွားပြည်သူတဦးကလည်း ပြောပါတယ်။

လတ်တလော ဗုံးပေါက်ကွဲမှုကြောင့် သင်္ဘောဆိပ်ကမ်းတွေကို စစ်ကောင်စီတပ်တွေ ရောက်ရှိစစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။ အခုလို ခရီးသွားပြည်သူတွေသွားလာနေတဲ့ ကူးတို့သင်္ဘောပေါ်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာမျိုးမသိရှိရသေးသလို သတင်းထုတ်ပြန်ထားတာလည်းမတွေ့ရပါဘူး။