ကျိုက်ထို-ဘီးလင်းကြားမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး ဒေသခံထောင်ချီလည်း ဘေးလွတ်ရာပြေးနေရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နဲ့ ဘီးလင်းမြို့ကြားမှာ စစ်ကောင်စီနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ပူးပေါင်းတပ်တို့ကြားမနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ မြေပြင်စစ်ရေးအခြေအနေသိရှိသူက DNA ကိုပြောပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုနဲ့ ဘီလင်းမြို့နယ် ထိစပ်နေရာက ဖိုးဝါးသိမ်ကျေးရွာနဲ့ ညောင်ထောက်ကျေးရွာကြားမှာရှိတဲ့ ကေအန်ယူတပ်မဟာ ၁ နယ်မြေအတွင်းကို စစ်ကောင်စီတပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“နေ့လည် ၁၂ နာရီခွဲမှာ ငှက်ပျောတောဘက်က စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာ။ ခလရ ၉၆ နဲ့ ခမရ ၂ တပ်တွေလို့ သိရပါတယ်။ ကျွန်တော်တွေ့တာ အင်အားက ၂၀၀ ကျော်တယ်။ခြေလျင်အနေအထားနဲ့ ဝင်လာတာကို KNLA၊ PDF တပ်ရင်းတွေနဲ့တွေ့ပြီး တနာရီခွဲကျော်ဝန်းကျင်လောက် ထိတွေ့တိုက်ပွဲဖြစ်သွားတယ်’’ လို့ DNA ရဲ့မြေပြင်သတင်းအရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲဖြစ်နေချိန်မှာ ခမရ (၂) တပ်ရင်းက ဖိုးဝါးသိမ်ကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ အချက်ရေများစွာ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂၀၀၀ ကျော်မှာ နီးစပ်ရာတောတောင်အတွင်းသို့ ထွက်​ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

“စစ်တပ်တွေ လာမယ်ဆိုတာ ကြားနေတာကြာပြီ။ အခုက ရုတ်တရက်ကြီး တိုက်ပွဲဖြစ်တော့ ပြေးခဲ့ရတာ။ အိမ်လည်း လက်နက်ကြီးမှန်သွားတယ်။ အခုလည်း နေဖို့အတွက် အခက်အခဲတွေဖြစ်နေတယ်’’ လို့ ရွာကထွက်ပြေးတိမ်းရှောင်နေသူက ပြောပါတယ်။

ဒီကနေ့ဒီဇင်ဘာ ၁၈ မှာ တိုက်ပွဲငြိမ်သွားပေမယ့် စစ်ကောင်စီတပ်တွေဟာ ဖိုးဝါးသိမ်ကျေးရွာအတွင်းနေရာယူတပ်စွဲထားသလို စစ်ကြောင်းထိုးရန် ပြင်ဆင်မှုတွေ ရှိနေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ဖိုးဝါးသိမ်ကျေးရွာအတွင်းက နေအိမ်တွေကိုလည်း ဝင်ရောက်ရှာဖွေမွှေနှောက်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တပ်သား ၅ ဦး သေဆုံးခဲ့သလို KNLA ပူးပေါင်းအဖွဲ့က တော်လှန်ရေးရဲဘော် ၂ ဦးလည်း ကျဆုံးခဲ့တယ်လို့ စစ်ရေးအခြေအနေ သိရသူကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်ကစပြီး ကျိုက်ထိုမြို့နယ်အနီးတဝိုက်က KNU ၊ PDF ပူးပေါင်းအဖွဲ့ တည်ရှိနေရာတွေကို စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံ တခမရ (၉၆) နဲ့ ခလရ (၂) မှ တပ်အင်အား ၄၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး လုပ်ဆောင်မှုတွေ စလုပ်ခဲ့တာလို့လည်း မြေပြင်စစ်ရေးအခြေအနေ သိရသူကဆိုပါတယ်။