စစ်ကောင်စီ ဝါဒါဖြန့်သလို လက်နက်ပစ္စည်း ဆုံးရှုံးတာမရှိဘူးလို့ TNLA ထုတ်ပြန်

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်အနီးက ကျေးရွာတွေအနီးမှာ TNLA နဲ့ စစ်ကောင်စီတို့ကြားဖြစ်တဲ့တိုက်ပွဲဟာ TNLA ကို တိုက်ခိုက်တာမဟုတ်ဘဲ စစ်ကိုင်းတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်ခဲယမ်းတွေကို လာရောက်တိုက်ခိုက်တာဖြစ်ပြီးTNLA နဲ့ မသက်ဆိုင်ဘူးလို့ စစ်တပ်ဘက်က ဒီဇင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီတိုက်ပွဲမှာ တအောင်းတပ်မတော်က လက်နက်တွေနဲ့ NUG PDF ရဲ့လက်နက်တွေကိုစစ်တပ်က သိမ်းဆည်းရမိတယ်ဆိုတဲ့ စစ်ကောင်စီက ဝါဒဖြန့်ပြီး ဆက်ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်လာတဲ့ TNLA ရဲ့ထုတ်ပြန်ချက်မှာတော့ စစ်တပ်ဘက်ကထုတ်ပြန်ချက်အားလုံး လွဲမှားကြောင်း ဖော်ပြထားပါတယ်။

နမ့်ဆန်မြို့ ကုန်းသာကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်အုပ်စုက သတင်းဖြန့်နေသလို TNLA ၊ NUG- PDF များရဲ့ လက်နက်ပစ္စည်းများ သိမ်းဆည်းခံရခြင်း၊ ဆုံးရူံးပျက်ဆီးခြင်း မရှိဘူးလို့ TNLA က ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်မှာ တရားဝင်ထုတ်ပြန်လာပါတယ်။

အလားတူပဲ တပတ်တာဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေဟာ ရွာတွေအပြင် တအောင်းလွတ်မြောက်ရေး တပ်မတော်ရဲ့ စစ်စခန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်အုပ်စုရဲ့ စကခ ၂၁ တပ်ဖွဲ့ဝင်များ အများအပြားကျဆုံးခဲ့သလို ဖမ်းဆီးရမိသူများလည်း ရှိပြီး TNLA ဖက်မှာလည်း ထိခိုက်ကျဆုံးမှုရှိတယ်လို့ TNLA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်း၊ မကွေး၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်စတဲ့ဒေသတွေမှာ ဒေသခံပြည်သူတွေကို လေကြောင်းစစ်ဆင်ရေး အလွန်အကျွံ အသုံးပြုတိုက်ခိုက်နေသလို တအောင်းဒေသကိုလည်း ဖျက်ဆီးဖို့ ကြိုးပမ်းနေတာကြောင့် တအောင်းဒေသခံတွေ စစ်ရေးသတိရှိကြဖို့ လိုတယ်ဆိုပြီး TNLA က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

နမ့်ဆန်မှာ တပတ်တာဖြစ်ခဲ့တဲ့ တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အကြိမ် ၅၀ နီးပါး လုပ်ခဲ့တဲ့အပြင် လက်နက်ကြီးပစ်ကူတွေ သုံးခဲ့သလို အဲဒီအခြေအနေတွေကြောင့် ကုန်းသာရွာဟာလည်း ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပုံစာ- နမ့်ဆန်တိုက်ပွဲမှာ စစ်တပ်ဘက်ကသိမ်းဆည်းရမိတဲ့လက်နက်တွေနဲ့ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားများ