လုံခြုံရေးဆိုင်ရာ အနာဂတ်အခင်းအကျင်းတွေနဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ

၂၀၂၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှု နောက်ပိုင်းတလျှောက် မြန်မာ အမျိုးသမီးတွေဟာ ကြိုတင် မမှန်းဆနိုင်ခဲ့တဲ့ ခေါင်းဆောင်မှု ကဏ္ဍတွေကနေ ထဲထဲဝင်ဝင် ပါဝင်လာခဲ့ပါတယ်။ အကြမ်းမဖက် အာဏာဖီဆန်ရေး ဆန္ဒလှုပ်ရှားမှုတွေကစလို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အဖွဲ့​ဝင်တွေ ဖြစ်လာတာအလယ်၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)မှာ ပါဝင်လာတာတွေ အဆုံးထိ အမျိုးသမီးတွေဟာ အာဏာလု ကြီးစိုးနေတဲ့ စစ်ကောင်စီရဲ့ ရက်စက်မှုတွေနဲ့ ဖိနှိပ်မှုတွေကို ရွပ်ရွပ်ချွံချွံ တွန်းလှန် လှုပ်ရှားနေကြပါတယ်။ 

အခုဆိုရင် တော်လှန်ရေး အင်အားစုတွေအပေါ် ချုပ်ကိုင်ထားဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့ လက်တွေ တဖြည်းဖြည်း အားအင် ယုတ်လျော့လာတဲ့နောက် တော်လှန်ရေး ခေါင်းဆောင်တွေ အနေနဲ့ တွေဝေ ခေါင်းခြောက်ရမယ့် အနာဂတ် လုပ်ငန်းစဉ် တစ်ခုကို ကြိုတင် စဉ်းစားလာရပါပြီ။ အဲဒါကတော့ ပြည်တွင်း ပဋိပက္ခတွေရဲ့ ကာလရှည်ကြာ တိုက်စားမှုကို ခံထားရတဲ့ နိုင်ငံတစ်ခုမှာ လုံခြုံရေးနဲ့ တည်ငြိမ် အေးချမ်းမှုတွေကို ဘယ်လိုဘယ်ပုံ ပြန်လည် တည်ဆောက်ယူမလဲ ဆိုတာပါပဲ။

 နိုင်ငံရဲ့ နေရာအတော်များများမှာ NUGဟာ လုံခြုံရေးဆိုင်ရာ စီမံမှုဌာနတွေကို မူကြမ်းအဆင့်ကနေ လက်တွေ့ ဖန်တီးနိုင်တဲ့ အဆင့်ကို ကူးပြောင်းနေပါပြီ။ တခြားနေရာတွေမှာလည်း တိုင်းရင်းသား တော်လှန်ရေး အင်အားစု (ERO)တွေဟာ စစ်ပွဲကြောင့် အကန့်အသတ်တွေ ရှိနေတဲ့တိုင် လုံခြုံရေးဆိုင်ရာ ဌာနတွေကို ကာလရှည်ကြာ ဖွဲ့စည်း လည်ပတ်နေစေပြီး ဖြစ်ပါတယ်။ အနာဂတ်ကို မျှော်ကြည့်မယ်ဆိုရင် အဲဒီ လုံခြုံရေး အဖွဲ့အစည်းတွေဟာ ပြည်သူလူထုကို အကာအကွယ် ပေးရုံတစ်ခုတည်းသာ မကဘဲ အနာဂတ် မြန်မာနိုင်ငံတော် အုပ်ချုပ်ရေးအတွက် အရေးပါတဲ့ ထုံးတမ်း အစဉ်အလာတွေကိုပါ စတင် ဖော်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

 မြန်မာ ပြည်သူတွေဟာ ငြိမ်းချမ်းတဲ့ အနာဂတ်အတွက် အခွင့်အလမ်းတွေကို ရည်မျှော်ပြီး အရင်က လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ရန်လိုကြမ်းတမ်းတဲ့ သမိုင်းကြောင်းတွေကို ရင်ကြား ပြန်စေ့ဖို့တော့ လိုပါတယ်။ လက်ရှိ အသစ် ထူထောင်ထားတဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေကလည်း တော်လှန်ရေးရဲ့ ဒီမိုကရေစီ ရည်မှန်းချက်တွေအတွက် ရည်သန်ပြီး အတိတ်တုန်းက အမှားမျိုးတွေကို ထပ်မကျူးလွန်မိဖို့တော့ အရေးကြီးပါတယ်။ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေမှာ အမျိုးသမီးတွေကို မှန်ကန် ကောင်းမွန်တဲ့ အဓိပ္ပါယ်မျိုးနဲ့ ထည့်သွင်းနိုင်ခြင်းဟာ အရင်က အကြမ်းဖက်မှု သံသရာ စက်ဝန်းကို ဖြတ်တောက်နိုင်ပြီး မြန်မာနိုင်ငံ သမိုင်းမှာ ကြမ်းတမ်း ရက်စက်တဲ့ ကိုင်တွယ်မှုတွေ၊ လူနည်းစု တိုင်းရင်းသားတွေနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခဲ့တာတွေနဲ့ အပြစ်ရှိသူတွေက တာဝန်ခံစရာ မလိုဘဲ ကင်းလွတ်ခွင့် ရနေတဲ့ ထုံးတမ်း ဓလေ့တွေကို ပယ်ဖျက်ပြီး အမှန်ပြင်ဆင်ဖို့ အခြေခံ ခိုင်မာတဲ့ ခြေလှမ်းမျိုး ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

 လုံခြုံရေး အဖွဲ့အစည်းတွေမှာ မျက်ကွယ်ပြု ခံခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ

 တော်လှန်ရေး လှုပ်ရှားမှုတွေမှာ အမျိုးသမီးငယ်တွေရဲ့ ကဏ္ဍက အရေးပါလာသလို တချို့ဆိုရင် Myaung Women Warriorsလိုမျိုး အမျိုးသမီးသီးသန့် PDF တပ်ဖွဲ့တွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင် တိုက်ခိုက်နေပါတယ်။ တချို့ကျတော့လည်း စတင်ဖွဲ့စည်းကာစ လုံခြုံရေးနဲ့ ပြည်သူ့ရဲ အင်အားစုတွေကို ချိတ်ဆက် ပူးပေါင်းသွားပြီး မတရားမှုတွေထဲမှာ နစ်မွန်းနေရတဲ့ မြန်မာ့ လူ့အဖွဲ့အစည်းကို ကူညီဖို့ ကြိုးစားနေပါတယ်။ မြို့ပြတွေမှာဆိုရင် တော်လှန်ရေး အင်အားစုတွေကို ထောက်ပံ့ကူညီမှုတွေ စီစဉ်နေတယ်ဆိုပြီး အမျိုးသားတွေကို စစ်ကောင်စီက ပုံမှန် မျက်စိဒေါက်ထောက် စောင့်ကြည့်နေတဲ့ အချိန်မှာ အမျိုးသမီးတွေက လိုအပ်တဲ့ ပစ္စည်းတွေကို ရှေ့တန်းကို အရောက် ပို့ဆောင်နေကြပါတယ်။

 အသွင်သဏ္ဍန် ပြောင်းလဲလာတဲ့ တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ဆက်စပ်ပါဝင်လာပေမယ့် မြန်မာ အမျိုးသမီးတွေဟာ ကာလရှည်ကြာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေနဲ့ ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဓလေ့ထုံးစံနဲ့ စံနှုန်းတွေက မြန်မာအမျိုးသမီးတွေကို လုံခြုံရေးဆိုင်ရာ အခန်းကဏ္ဍတွေမှာ ပါဝင်ခွင့် မပေးဖို့ ဆက်ပြီး ကန့်သတ်ထားပါတယ်။ ဥပမာ အနေနဲ့ အမျိုးသား ရဲတွေနဲ့ အတူယှဉ်တွဲလာတဲ့ ရဲမေတွေအပေါ် လူ့အဖွဲ့အစည်းက ခက်ထန်တဲ့ သဘောထား ရှုမြင်မှုမျိုးနဲ့ ဆက်ဆံနိုင်သလို ရဲဌာနတွေမှာ အမျိုးသမီးတွေ ညဆိုင်းဆင်းတာကလည်း မသင့်တော်ဘူးလို့ မှတ်ယူနေကြတုန်းပါ။ အခုအခါ တော်လှန်ရေးဖက်မှာ ကူးပြောင်း ပါဝင်လာတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် အရာရှိဟောင်း တချို့နဲ့ အင်တာဗျူးကြည့်တဲ့အခါ ရဲတွေရဲ့ ဇနီးမယားတွေက အပျိုရဲမေတွေဟာ သူတို့ရဲ့ အိမ်ထောင်ရေးအတွက် ခြိမ်းခြောက်မှုအဖြစ် ရှုမြင်တတ်ကြကြောင်း ပြောပြပါတယ်။ တချို့ဆိုရင် သူတို့ မနှစ်မြို့တဲ့ ရဲမေတချို့ကို တခြားရဲဌာနတွေဆီ ပြောင်းရွှေ့စေဖို့ စခန်းမှူးတွေကို ဖိအားပေးတာတွေတောင် ရှိတတ်တယ်လို့လည်း သိရပါတယ်။

 မြန်မာနိုင်ငံ ရဲတပ်ဖွဲ့လိုမျိုး လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေက အဲဒီလို အလေ့အထတွေကို ပိုပြီး စွဲထင်လာအောင် လက်ခံ ကျင့်သုံးစေခဲ့ပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ လူသစ်တွေ စုဆောင်းတဲ့ အခါမှာလည်း အမျိုးသားတွေထက်စာရင် အမျိုးသမီးတွေရဲ့ ပညာရေး အဆင့်အတန်း သတ်မှတ်ချက်ကို ပိုပြီး မြှင့်တင်ထားပြန်တယ်။ အမျိုးသမီးတွေကို သိပ်ပြီး အကျိုးဖြစ်ထွန်းမှု မရှိတဲ့ လုပ်ငန်း တာဝန်တွေ ပေးအပ်လေ့ရှိပြီး ခေါင်းဆောင်မှု နေရာတွေကိုလည်း အမျိုးသား အများစုကသာ ရယူတတ်ကြတယ်။ ၂၀၁၉ ခုနှစ်ထိ စာရင်းတွေအရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၇၂၀၀၀ လောက် ရှိတဲ့အနက် ၄ ရာခိုင်နှုန်းလောက်ကသာ အမျိုးသမီးတွေ ဖြစ်နေပါတယ်။ အဲဒီလို အမျိုးသမီးတွေရဲ့ ကိုယ်စားပြုခွင့် နည်းပါးခြင်းက ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာ၊ ဒါမှမဟုတ် အရည်အချင်းအပေါ် သက်ရောက် ထင်ဟပ်မှု မရှိစေပါဘူး။ တစ်ချိန်တည်းမှာပဲ အရပ်သူ အမျိုးသမီးတွေက (အထူးသဖြင့် အိမ်တွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ တိုင်ကြားရတဲ့ အခါမျိုးကျရင်) ရဲတွေအပေါ်မှာ ယုံကြည်မှု မရှိဘဲ ဖြစ်နေပါတယ်။ နောက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ မိန်းမလျာတွေ အပါအဝင် တခြား လူနည်းစု လိင်စိတ်ကွဲပြားသူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာ၊ ဖမ်းဆီး ချုပ်နှောင်တာတွေက ပုံမှန်လိုတောင် ဖြစ်နေပါပြီ။ အာဏာသိမ်းမှု အပြီးမှာလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ တော်လှန်ရေး အင်အားစုတွေနဲ့ ပတ်သက်ရင် လိင်အခြေပြု ခွဲခြားဆက်ဆံတဲ့ အလေ့အထ ဆိုးမွေကို ဆက်ခံ ကျင့်သုံးနေတုန်းပါပဲ။

 ဒီမိုကရေစီ အင်အားစု လုံခြုံရေး အဖွဲ့အစည်းများ ထွန်းကားလာခြင်း

 ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သူတို့ရဲ့ သေနတ်ပြောင်းဝတွေကို ပြည်သူဖက် လှည့်လိုက်ကတည်းက ပြည်သူတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့​ဝင်တွေဟာ ကိုယ့်လူ့အဖွဲ့အစည်း အတွင်းမှာ လုံခြုံရေးအတွက် ထောက်ပံ့ ကူညီနိုင်ရေး အရှိန်မြှင့် လုပ်ဆောင်လာခဲ့ပါတယ်။

 ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ပြစ်ဒဏ်က လွတ်ငြိမ်းခွင့် ပြုလေ့ရှိတဲ့ စစ်အာဏာရှင်တွေရဲ့ သမိုင်းကြောင်းကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဖို့အတွက် အခုပေါ်ထွန်းလာတဲ့ လုံခြုံရေး အဖွဲ့သစ်တွေဟာ စစ်အာဏာရှင်တွေ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို မှတ်တမ်းတင်ပြီး တရားရေးအရ လျော်ကန်သင့်တော်တဲ့ အရေးယူမှု အလားအလာတွေကို မြှင့်တင်ဖို့ အားထုတလာကြတယ်။ နောက်ပြီး လူ့အဖွဲ့အစည်းရဲ့ အမှန်တကယ် လိုအပ်ချက်တွေကို တုံ့ပြန် ဖြည့်ဆည်းနိုင်ဖို့ ပွင့်လင်းမြင်သာမှု အပြည့်ရှိတဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့တွေကို ဖွဲ့စည်းလာတယ်။ ဥပမာ အနေနဲ့ ကရင်နီ (ကယား) ပြည်နယ် ရဲတပ်ဖွဲ့ဟာ ဒီမိုကရေစီ လိုလားတဲ့ ရဲအင်အားစု တစ်ခုဖြစ်ပြီး ခရစ္စမတ်အကြိုနေ့က (မိုဆို) အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ NUGရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့သလို ရလာသမျှ သတင်းအချက်အလက် အသစ်တွေကိုလည်း လူသိရှင်ကြား ထုတ်ပြန်ကြေညာပြီး ပြည်သူတွေဆီ အသိပေး တင်ပြခဲ့တယ်။

 ခေတ်ဆိုး ခေတ်ပျက်ကြီးထဲမှာတောင်မှ အဲဒီ လူထုအခြေပြု ရဲလုပ်ငန်း ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေဟာ အထင်ကြီးစရာ ကောင်းလောက်အောင် တိုးတက် ဖြစ်ထွန်းမှုတွေ ရရှိလာပါတယ်။ ဒါပေမဲ့ ရှေ့ဆက်ပြီး သူတို့ကြုံရမယ့် စိန်ခေါ်မှုတွေကတော့ အများကြီး ရှိနေဆဲပါ။ အလားတူပဲ ဒီမိုကရေစီ လိုလားတဲ့ ရဲအင်အားစုတွေ ပါဝင်နေတဲ့ အမျိုးသမီးတွေကလည်း စစ်ပွဲတစ်ခုကို တိုက်ခိုက်နေရတဲ့အပြင် ဓလေ့ထုံးစံအရ လိင်ခွဲခြား တိုက်ခိုက်မှုတွေကိုပါ တွန်းလှန်ရမှုအတွက် အပိုဆောင်း အင်အားစုလို ဖြစ်လာပါတယ်။ အခုအချိန်ထိ အဲဒီ အမျိုးသမီး အများစုဟာ ကင်းလှည့်တာ၊ ဖမ်းဆီးတာ အစရှိတဲ့ စစ်ဆင်ရေးဆန်တဲ့ လုပ်ငန်းတာဝန်တွေ၊ ဌာနနေရာတွေ ပေးအပ် ခံရတာမျိုး အရမ်းရှားပါတယ်။ ဒါတွေက ရဲလုပ်ငန်းနဲ့ ရပ်ရွယ် လုံခြုံရေးဆိုတာ အမျိုးသားတွေသာ လွှမ်းမိုး တာဝန်ယူထားသင့်တယ်ဆိုတဲ့ အတွေးအမြင်မျိုးကို အားဖြည့်ပေးနေတုန်းပါပဲ။ အလားတူပဲ EROတွေနဲ့ ဒီမိုကရေစီ လိုလားတဲ့ ရဲအင်အားစု အသစ်တွေထဲမှာလည်း အမျိုးသမီးတွေရဲ့ ကိုယ်စားပြု ပါဝင်ခွင့်က ၁၅ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ဦးဆောင်မှု နေရာတွေမှာလည်း အချိုးအစားအရ အရမ်း နည်းပါးနေတုန်းပါပဲ။

 ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေရဲ့ ရဲတပ်ဖွဲ့တွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်ဆောင်ရွက်ပိုင်ခွင့်ရယ်၊ အမျိုးသား လုပ်ဖော်ကိုင်ဖက်တွေနဲ့ တန်းတူ အလုပ်လုပ်ခွင့်ရယ်က အချိုးအစား ပိုများလာတာကြောင့် အနာဂတ် ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပတ်သက်ပြီး မျှော်လင့်စရာတွေတော့ ဖြစ်လာပါတယ်။ “မြန်မာနိုင်ငံရဲ့ ရဲလုပ်ငန်းတွေမှာ အမျိုးသမီးတွေ ပါဝင်ခွင့် ပိုပြီး ရလာတာမျိုး ဖြစ်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ အရှက်အကြောက် ဆိုတာကြီး အမြစ်တွယ်ပြီး ကန့်သတ်ချုပ်နှောင် ခံထားရတယ်။ အမျိုးသမီးတွေကလည်း ရဲလုပ်ငန်းနဲ့ ပတ်သက်လို့ စွမ်းဆောင်နိုင်တာတွေ အများကြီး ဆိုတာကို လူတွေ သိစေချင်တယ်လေ”လို့ ရဲမေ တစ်ဦးက သူ့ခံယူချက်ကို မျှဝေပါတယ်။

 စစ်အာဏာရှင်ရဲ့ ဆိုးမွေတွေကို ဖီဆန်ပြီး အမြစ်လှန်ချင်နေတဲ့ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ အမျိုးသမီးတွေကို သင့်တော်မှန်ကန်အောင် နေရာပေး ထည့်သွင်းတာမျိုးက အစပြုလို့ သူတို့ရဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေထဲမှာ ပွင့်လင်းမြင်သာမှုနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အခြေခံမူတွေကို မြှင့်တင်ဖို့ လိုပါတယ်။ USIPနဲ့ အင်တာဗျူးမှာ ရဲမေတစ်ဦးက “အမျိုးသမီးတွေမှာ စွမ်းဆောင်နိုင်တာတွေ အများကြီး ရှိတယ်ရှင့်။ လိင်ကွဲပြားမှုနဲ့ ပတ်သက်လို့ တန်းတူညီမှု ရှိအောင် မြှင့်တင်ချင်တယ်ဆိုရင် ရဲလုပ်ငန်းမှာ အမျိုးသမီးတွေ ထပ်ပြီး နေရာရသင့်တယ်။ အဲဒါက လူထုနဲ့ အပြန်အလှန် ထိတွေ့ ဆက်ဆံမှုမှာလည်း ကောင်းကျိုး ဖြစ်ထွန်းစေပါလိမ့်မယ်”လို့ ပြောပါတယ်။

 အမျိုးသမီးတွေကို နေရာပေးခြင်းက လုပ်ငန်းဆိုင်ရာ ထိရောက်မှုတွေကိုလည်း မြှင့်တင်နိုင်စေမှာပါ။ အမျိုးသမီးတွေ ပါဝင်ဖွဲ့စည်းထားတဲ့ ရဲတပ်ဖွဲ့တွေဟာ စုပေါင်းလုပ်ဆောင်မှုမှာ ပိုပြီးမြင့်မားတဲ့ အဆင့်တွေ ရှိတတ်သလို ရဲသားတွေထက်စာရင် ရဲမေတွေက ပြည်သူလူထုအပေါ် အလွန်အကျွံ အင်အားသုံးတာ၊ ညှင်းပန်းနှိပ်စက်တာမျိုးတွေ လုပ်နိုင်ခြေ ပိုနည်းပါတယ်။

 လူထုဆိုင်ရာ ရဲလုပ်ငန်းတွေနဲ့ အမျိုးသမီးတွေရဲ့ ပါဝင်နိုင်မှု

 မြန်မာပြည်သူတွေအပေါ် သမိုင်းနဲ့ချီပြီး ဆိုးဆိုးရွားရွား အကြမ်းဖက် ပြုမူခဲ့တဲ့ လုံခြုံရေး အဖွဲ့အစည်းတွေကို ပြန်လည်ပြင်ဆင် တည်ဆောက်ဖို့အတွက် လက်ရှိဟာ ရှားပါးတဲ့ အခိုက်အတန့်တစ်ခု ဖြစ်ပါတယ်။ အမျိုးသမီးတွေ၊ အထူးသဖြင့် လူနည်းစု တိုင်းရင်းသား မျိုးနွယ်ဝင် အမျိုးသမီးတွေဟာ အကြမ်းဖက်မှုတွေရဲ့ သားကောင်အဖြစ် မှတ်ယူကြည့်မယ်ဆိုရင် သူတို့ဟာ ဒီလို အဖွဲ့အစည်းတွေကို အနာဂတ်မှာ ပြန်လည် ပုံဖော်တဲ့အခါ ဗဟိုချက် အခန်းကဏ္ဍမျိုးက ပါဝင်ဖို့ ထိုက်တန်ပါတယ်။

 ရပ်ရွာ အဆင့်မှာလည်း ရဲတပ်ဖွဲ့ ခေါင်းဆောင်မှု အပိုင်းက အမျိုးသမီးတွေအပေါ် လေးစားမှုတွေ ပြသဖို့ လိုပါတယ်။ ဒါ့အပြင် ရဲအင်အားစုတွေက ပြည်သူလူထကို ဖိတ်ကြားတွေ့ဆုံပြီး ရဲလုပ်ငန်းမှာ ဘာတွေ ပါဝင်သင့်သလဲ ဆိုတာမျိုးကို အကြံယူ ဆွေးနွေးသင့်ပါတယ်။ နောက်ပြီး လူ့အဖွဲ့အစည်း လုံခြုံရေး ကိစ္စတွေနဲ့ ပတ်သက်လို့ အမျိုးသမီးတွေရဲ့ ပြန်လည် သုံးသပ်မှု အသံကိုလည်း သေချာ နားစွင့်ဖို့ လိုပါတယ်။ လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေကလည်း ရပ်ရွာ ရဲလုပ်ငန်းဆိုင်ရာ ရည်ရွယ်ချက်တွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ ယုံကြည် လက်ခံမှုကို ပြန်သုံးသပ်၊ ပြန်ဖွင့်ဆိုရပါမယ်။ ဒါမှသာ လူ့အသိုက်အဝန်း တစ်ခုလုံးကို လွှမ်းခြုံနိုင်မယ့် ဂုဏ်ယူလောက်စရာ လုံခြုံရေး အစီအမံတွေ ထွန်းကားတဲ့ စနစ်မျိုး ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

ပိုမိုကျယ်ပြန့်တဲ့ မဟာဗျူဟာ အခင်းအကျင်း အဆင့်မှာတော့ NUGရဲ့ လုံခြုံရေး အဖွဲ့အစည်းတွေ၊ တခြား ဒီမိုကရေစီ အင်အားစု လုံခြုံရေး အဖွဲ့အစည်းတွေဟာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး (WPS) လုပ်ငန်းစဉ်တွေကို သူတို့ရဲ့ မူဝါဒတွေမှာ ထည့်သွင်းဖို့ စဉ်းစားသင့်ပါတယ်။ WPS လုပ်ငန်းစဉ် မူဝါဒတွေပေါ် အခြေခံထားတဲ့ လုံခြုံရေး အဖွဲ့အစည်းတွေ တည်ဆောက်တဲ့ အခါ၊ ဥပမာ EROတွေရဲ့ ကနဦးအဆင့် ဖွဲ့စည်းထားတဲ့ ရဲဌာနတွေကို ပိုမို ချဲ့ထွင်တဲ့ အခါမှာ အမျိုးသမီးတွေကို ပိုမို စုဆောင်း ခေါ်ယူတာမျိုး အစပြု ဆောင်ရွက်တာတွေက NUGနဲ့ EROတွေရဲ့ အပျံသင်စ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ရပ်တည်မှုကို ပြည်သူလူထုရော၊ နိုင်ငံတကာ အသိုက်အဝန်းရဲ့ အမြင်မှာပါ ပိုပြီး တရားဝင်မှု ရရှိလာစေမှာ ဖြစ်ပါတယ်။

 အမျိုးသမီးတွေကို ပိုမို နေရာပေး ထည့်သွင်းခြင်းဟာ လုံခြုံရေး အဖွဲ့အစည်းတွေမှာ အမျိုးသား ကြီးစိုးနေကျ အရင်က အမွေအနှစ် ဟောင်းတွေကို အင်အားသုံး ဖြိုဖျက်တယ် ဆိုတာမျိုးတော့ မဖြစ်သင့်ပါဘူး။ အဲဒီအစား အမျိုးသမီးကို တာဝန်ယူ၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ စံနှုန်းတွေ ထုဆစ် ပုံဖော်ရာမှာ၊ ဥပမာ အနေနဲ့ ကျင့်ဝတ်စည်းမျဉ်း သတ်မှတ်မှုနဲ့ ကြားကာလ တရားရေး စနစ်မျိုးတွေမှာ ထည့်သွင်းတာမျိုးက အောက်ခြေကစလို့ ပိုပြီး ထိရောက်ထက်မြက်တဲ့ အဖွဲ့အစည်းတွေ တည်ဆောက်မှုကို ကူညီပေးနိုင်ပါလိမ့်မယ်။ လုံခြုံရေး ကဏ္ဍမှာ အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းကို သိရှိနားလည်မှုနဲ့ အသိအမှတ်ပြုမှုတွေဆီ ဦးတည် ပြောင်းလဲစေခြင်းဟာ တော်လှန်ရေး အင်အားကို တည်ဆောက်ဖို့ ဝိနည်းလွတ် လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါလိမ့်မယ်။

 (United States Institute of Peace၏ Myanmar Teamမှ Program Manager တစ်ဦးဖြစ်သော Hkawn Htoi ရေးသားသည့် The Role of Women in Myanmar’s Evolving Security Institutions ဆောင်းပါးကို DNAက ဘာသာ ပြန်ဆိုသည်)