ဟားခါးမှာ မီးလောင်မှုထပ်ဖြစ်

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အခုလအတွင်း မီးလောင်မှုနှစ်ကြိမ် ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာလည်း ဟားခါးမြို့ဟောင်းဘက်မှာ နေအိမ်တလုံး မီးလောင်ခဲ့သလို ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်မှာလည်း နေအိမ်မီးလောင်မှု ထပ်ဖြစ်ခဲ့ပါတယ်။

” ဒီနေ့က တနင်္ဂနွေနေ့ဆိုတော့ ဘုရားကျောင်းသွားကြတယ်။ မီးလောင်တဲ့အိမ်က လူတွေလည်း ဘုရားကျောင်းသွားတာ သူတို့မရှိတုန်းလောင်တာ။ အားလုံးလောင်သွားတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

မီးလောင်တဲ့အချိန်ဟာ လျှပ်စစ်မီးလာချိန်ဖြစ်ပြီး ကိုးနာရီဝန်းကျင်ဖြစ်တာမို့ လျပ်စစ်မီးကြောင့် လောင်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။ မီးလောင်တဲ့နေရာကို မီးသတ်ကားရောက်ရှိလာပေမယ့် မီးသတ်ကားရောက်တဲ့အချိန်မှာ နေအိမ်တခုလုံး လောင်ကျွမ်းပြီးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့ဟာ ရာသီဥတုအေးတဲ့ ဒေသဖြစ်ပေမယ့် အခုနှစ်ထဲမှာ မီးလောင်မှု အကြိမ်ကြိမ်ဖြစ်ခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ အခုနှစ်ထဲမှာပဲ ဟားခါးမြို့က လ.ဝ.က ရုံး၊ ဆောက်လုပ်ရုံး၊ စုပေါင်းရုံး၊ ကြံ့ဖွတ်ပါတီရုံးအပြင် မီးသတ်ရုံးနဲ့ မီးသတ်ကားပါ မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဟားခါးမြို့မှာ မီးလောင်ကျွမ်းမူအကြိမ်ကြိမ် ဖြစ်ပွားခဲ့ပေမယ့် ဆောက်လုပ်ရေးရုံး မီးလောင်စဥ်က ဘာဝါဘန့်အားသွင်းရာမှာ အပူလွန်ကဲပြီး လောင်တာဖြစ်တယ်လို့ ဟားခါးမြို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပြီး ကျန်တဲ့မီးလောင်မှုတွေကိုတော့ အကြောင်းအရင်း ထုတ်ပြန်တာ မတွေ့ရပါဘူး။