ဖိနှိပ်မှုကြားက CDM ခရီးကို ဆက်လျှောက်နေကြတဲ့ မီးအိမ်ရှင်များ


မစံပယ်တို့ မိသားစု တကွဲတပြားနေရတာ အခုဆောင်းရာသီဆို တစ်နှစ်ပြည့်ပါပြီ။ အသက် ၂၈ အရွယ် သူမက စစ်ကိုင်းတိုင်း ဒီပဲယင်း မြို့မှာတာဝန်ကျခဲ့တဲ့ အထက်တန်းပြ ဆရာမတစ်ဦးပါ။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းမှာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှူ ( CDM ) လုပ်ကြတော့ ပညာရေးဝန်ထမ်း မစံပယ်ကလည်း အစောဆုံးပါဝင်ခဲ့သူ တစ်ဦးပါ။

စစ်ကောင်စီက CDM ဝန်ထမ်းတွေကို လိုက်လံဖမ်းဆီးတာတွေလုပ်လာချိန်မှာတော့ ပညာရေးဝန်ထမ်း သပိတ်ဦးဆောင်သူတွေထဲက တစ်ဦးဖြစ်တဲ့ သူမဟာ နေအိမ်မှာ စိုးရိမ်စိတ်တွေနဲ့ အထိတ်တလန့်နေခဲ့ရတယ်လို့ ဆိုပါတယ်။

“စစ်တပ်က အိမ်ကို နှစ်ခါ ၀င်စစ်သေးတယ်။ ပထမ အကြိမ်တုန်းက ထွက်ပြေး‌သေးတယ် ဒုတိယအကြိမ်ကျ ပြေးချိန်လည်း မရဘူး ။ သူတို့က CDM စာရင်းနဲ့ တိတိကျကျ လာတာမျိုးမဟုတ်တော့ ကျမ ဆရာမမှန်းတော့ သိပုံမရဘူး။ ဖုန်းတွေဘာတွေစစ်ခံရတယ် ။ ဆန္ဒ ပြပွဲပုံတွေ ဘာတွေ မဖျက်ပဲ ထားမိရင်တော့ တခါတည်း ဖမ်းခံရနိုင်တယ်။” လို့ သူမက ပြောပြပါတယ်။

အဲဒီတုန်းက CDM ဝန်ထမ်းဖြစ်မှန်း စစ်ဆေးသူတွေ မရိပ်မိသွားအောင် နေခဲ့ရတာဖြစ်ပြီး အဲဒီနာရီပိုင်းဟာ ဘဝရဲ့ အပင်ပန်းဆုံးအချိန်တွေအဖြစ် သူမ မှတ်မိနေတယ်လို့ ဆိုပါတယ်။

နောက်နေ့မှာတော့ မိသားစုက စိတ်မချလို့ ရွှေ့ပြောင်းနေထိုင်ဖို့ အကြံပြုကြပါတယ် ။ သူမထွက်သွားလိုက်ရင် ကျန်နေခဲ့မယ့် မိသားစုကိုလည်း စိတ်မချပါဘူး။ အဖေနဲ့ အမေက သက်ကြီးရွယ်အို ဖြစ်သလို မောင်လေးကလည်း လူငယ်အရွယ်မို့ ဖမ်းဆီးနှိပ်စက်ခံရမှာကို စိုးရိမ်နေခဲ့တာလို့ မစံပယ်က ပြောပါတယ်။

သူမစိုးရိမ်ရင်လည်း စိုးရိမ်စရာပါပဲ။ CDMတွေကို လာဖမ်းလို့ မတွေ့ရင် မိသားစုကို ဓားစာခံ အဖြစ် ဖမ်းသွားတဲ့ သာဓက များစွာကလည်း ‌ရှေ့မှာ ရှိနေခဲ့တာကိုး။ ဒါကြောင့်ပဲ သူမတို့ မိသားစုဟာ နေအိမ်လေးကို စွန့်ပြီး အဖေနဲ့ အမေက တနေရာ၊မောင်လေးက တ‌နေရာနဲ့ သူမကလည်း လုံခြုံမယ်ထင်တဲ့နေရာမှာ ရှောင်တိမ်းနေကြရပါတော့တယ်။

“မိသားစုနဲ့ပဲ အတူနေချင်တာပေါ့။ ဒါပေမယ့်လည်း တချို့တွေ သေကွဲကွဲရသေးတာ အစ်မတို့ မိသားစုက ရှင်ကွဲပဲကွဲတာ နောင်တချိန် ခေတ်ပြန်ကောင်းရင် မိသားစု ပြန်ဆုံနိုင်သေးတယ်လေ အဲဒီလိုပဲ ဖြေသိမ့်ပြီး နေနေတာပေါ့ “

၅နှစ်ကျော် စာသင်ခဲ့ဖူးတဲ့ ကျောင်းဆရာမ တ‌ယောက်ဟာ ကျောင်းမသွား၊ စာမသင်ဘဲ တစ်နှစ်လောက်နေလိုက်ရချိန်မှာ‌ ဘဝဟာ အဓိပ္ပာယ် မရှိဘူးလို့ ခံစားလာရပါပြီ။ ၂၀၂၂ ဖေဖော်ဝါရီလမှာတော့ သူမ တိမ်းရှောင်နေတဲ့ ရွာကျောင်းကလေးမှာပဲ ကလေးတွေကို စာသင်ပေးဖြစ်ပါတော့တယ်။ ဒီကျောင်းက အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ပညာရေးဝန်ကြီးဌာန လက်အောက်ကနေ သင်ကြားပေးနေတဲ့ကျောင်းပါ။ မူလတန်းကနေ အထက်တန်းအထိ ကျောင်းသား ၂၀၀ ဝန်းကျင်လောက်ရှိပြီး CDM ဆရာ ဆရာမနဲ့ စေတနာ့ ဝန်ထမ်း စုစုပေါင်း ၁၀ဦး‌လောက်က သင်ကြားပေးနေကြတယ်လို့ သူမက ပြောပြချက်အရ သိရပါတယ်။

“အစ်မနေတဲ့ ရွာမှာက ပညာရေးနဲ့ ပတ်သက်ပြီး CDM က တစ်‌ေယာက်ပဲ ရှိတာလေ အဲဒီတော့ ကလေးတွေကိုစာသင်ပေးဖို့ ဗော်လန်တီယာ ရှာရတယ် ၊ ဒီနိုင်ငံရေးက ဘယ်လောက်ကြာအုံးမယ် မသိဘူးလေ။ ကိုယ်ကိုတိုင်က ဆရာမ ဖြစ်နေရဲ့သားနဲ့ ပညာရေး မလှုပ်ရှားဘူးဆို၊ ကလေးတွေ အတွက် ထည့်မတွေးဘူးဆို ကလေးတွေနစ်နာမှာ စိုးလို့ ၀င်ပြီးတော့ သင်ပေးဖြစ်တာပေါ့နော် ။ “ လို့ သူမ စာသင်ဖြစ်ပုံကို ပြောပြပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ လမ်းပေါ်ထွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှူတွေကို စစ်တပ်ဖက်က အကြမ်းဖက် နှိမ်နင်းမှုတွေ လုပ်တော့ ပြည်သူလူထုဟာ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့ကြပါတယ်။ ‌‌

လက်နက်ကိုင် တော်လှန်ကြရာမှာ အညာဒေသဟာ အစောဆုံး လက်နက်ကိုင်ခဲ့ကြတယ်ဆိုတာ လူတိုင်းအသိပါပဲ။ မစံပယ် နေထိုင်တဲ့ ဒီပဲယင်းက လက်နက်ကိုင်တော်လှန်ရေးမှာ နောက်မကျခဲ့တဲ့ မြို့နယ် တစ်ခုပါ။

■အန္တရာယ်အမှောင်ထုကြားက အလင်းရောင် မျှဝေပေးချင်သူတွေ

အညာ‌ဒေသရဲ့ တော်လှန်ရေးကို အညွှန့်ချိုးဖို့ စစ်တပ်က နည်းပေါင်းစုံသုံး ခဲ့ပါတယ်။ အင်တာနက် နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ပစ်တာ၊ အဲဒီနောက် ကျေးရွာမှာ တွေ စစ်ကြောင်းထိုးလာပြီး နေအိမ်တွေ မီးရှို့ ဖျက်ဆီးပြီးဖိနှိပ်ခဲ့ပါတယ် ။ ပြည်သူ့ကာကွယ်ရေးတပ် -PDF ခိုအောင်းနေတယ် ဆိုတဲ့ စွတ်စွဲချက်တွေနဲ့ ကျေးရွာတွေကို စစ်ရဟတ်ယာဉ်နဲ့ ဗုံးကျဲ တာမျိုးတွေကိုလည်း လုပ်ခဲ့ပါတယ်။

စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်ဆုံး လုပ်ရပ်ကတော့ ဆရာ၊ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေ စာသင်နေတဲ့ ကျောင်းကို စစ်ရဟတ်ယာဥ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တာပါပဲ ။ အခုနှစ် စက်တင်ဘာလလယ်မှာ ဒီပဲယင်း မြို့ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ တိုက်လို့ စာသင်နေတဲ့ ကလေးငယ် ဆရာ ဆရာမ အပါအဝင် အရပ်သား ၁၃ ဦး သေဆုံးခဲ့ရပါတယ်။ ဒီဖြစ်ရပ်‌ကြောင့် တစ်နိုင်ငံလုံး စိတ်ထိခိုက်ခဲ့ရပြီး တခြားမှာ စာသင်နေတဲ့ သူတွေပါ ‌ကြောက်လန့်တုန်လှုပ်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း အင်တာနက် မရတဲ့ ရွာဘက်တွေမှာ လူတွေ့မှ စာမသင်ရင် ကလေးတွေ ပညာရေး‌နှောင့်နှေးရုံမှ တပါး တခြား မရှိပါဘူး။ ဒါကြောင့် စစ်ကြောင်းထိုးတဲ့အခါ ပြေးကြလွှားကြ၊ ပြန်ထွက်သွားတဲ့အခါ စာသင်လိုက်ကြနဲ့ သူတို့ရဲ့ စာသင်ခန်းလေးတွေက ဖွင့်လိုက်ပိတ်လိုက်ပါပဲ။

“လက်ယက်ကုန်းဖြစ်တုန်းကဆို ငါစာသင်နေတဲ့ ကလေးတွေသာ၊ ကိုယ့်သားသမီးလေးတွေသာ ဖြစ်ရင်ဆိုတဲ့စိတ်နဲ့ တော်တော်လေး စိတ်မကောင်းဖြစ်ရတယ်။ တချို့ မိဘတွေလည်း တော်တော်လေး စိုးရိမ်သွားကြတယ်။ နောက်ပိုင်း ရွာဘက်ကို စစ်ကြောင်းတွေလည်း ထိုးတော့ ကျောင်းပိတ်လိုက်ရသေးတယ် ။ အခု‌တော့ ကျောင်းပြန်ဖွင့်နေတာ ၃လ ပြည့်တော့မယ် ” လို့ မစံပယ်က သူမတို့ရဲ့ ဦးမညွှတ်တဲ့ စိတ်ဓာတ်ကို ဂုဏ်ယူ ပြောဆိုလိုက်ပါတယ်။

မြို့နယ် ပညာရေး ဘုတ်အဖွဲ့ဝင်တစ်ဦးဆီကနေ ရရှိတဲ့ အချက်အလက်တွေအရဆို ဒီပဲယင်းမြို့ နယ်မှာ CDM လုပ်တဲ့ အခြေခံ ဆရာ၊ဆရာမ ၉၀၀ ကျော်ရှိပြီး အဲဒီအရေအတွက်ဟာ မြို့နယ်မှာ ရှိတဲ့ ဆရာ ဆရာမ ဦးရေ စုစုပေါင်း ရဲ့ ၇၀ ရာခိုင်နှုန်းခန့်လို့ ဆိုရမှာပါ။ NUG ရဲ့ ပညာရေးဌာန ရဲ့ လက်အောက်မှာ သင်ကြားပေးနေတဲ့ ကျောင်းပေါင်း ၈၀ကျော် ရှိနေတယ်လို့ လည်း ဘုတ်အဖွဲ့ဝင်က ပြောပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အခြေခံပညာ လက်အောက်က ဆရာ ဆရာမ ၄သိန်းကျော်ထိ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ထုတ်ပြန်ထားပါတယ်။ စစ်ကိုင်းတိုင်း အနေနဲ့တော့ အခြေခံပညာအဆင့်မှာ သင်ကြားရေးဆရာဆရာမ ၂သောင်းခွဲကျော် CDM လုပ်ထားတယ် လို့ ၂၀၂၁ နှစ်၀က်လောက်က ပြုလုပ်တဲ့ တိုင်းကောင်စီအစည်းအဝေးတစ်ခုမှာ ပညာရေးမှူးရုံးက စာရင်းတင်ပြခဲ့ပါတယ်။ အဲဒီနေ့က တင်ပြတဲ့ စာရင်းတွေ အရ စစ်ကိုင်းတိုင်းမှာ အခြေခံပညာအဆင့် ဆရာဆရာမ စုစုပေါင်း ၄သောင်း၅ထောင်ကျော်ရှိပြီး ထက်ဝက်ကျော်က CDM ပြုလုပ်တယ်လို့ ဆိုရမှာပါ။

တော်လှန်ရေး အင်အားစုတွေ အားကောင်းတဲ့ ‌‌ေဒသတွေမှာ NUG ရဲ့ ကြားကာလ ပညာရေး အစီအစဥ်ကို မြေပြင်မှာ လူတွေ့သင်ကြားမှုတွေနဲ့ လည်ပတ်ကြပြီး မြို့ကြီး​ေတွမှာတော့ အွန်လိုင်းစနစ်နဲ့ သင်ပေးနေတာတွေလည်း ရှိပါတယ်။

ဖက်ဒရယ်ကျောင်းတစ်ခုမှာ စာသင်ကြားပေးနေတဲ့ မုံရွာမြို့က ဆရာမ တစ်ဦးကတော့ “ အွန်လိုင်းကနေ သင်ပေးရတာ ဆိုတော့ လုံခြုံမှု ရှိတယ်လို့ ခံစားရတယ်။ ပညာရေးက အများကြီး ပြောင်းလဲပစ်နိုင်မယ်လို့ ယုံကြည်တယ်။ အခု သင်ကြားရေးမှာ သုံးနေတဲ့ စနစ်တွေက ပိုပြီးတော့ လွတ်လပ်တယ် ပိုပြီး ဒီမိုကရေစီဆန်တယ် “ လို့ ပြောပါတယ်။

စာသင်ကြားတာကို ဘယ်လောက်ပဲ လုံခြုံတဲ့ စနစ်နဲ့ သင်ကြားပေးနေတယ်ဆိုပေမယ့် CDM ဆရာမ တစ်ဦး ဖြစ်တာမို့ စိုးရိမ်မှုတွေ ရှိနေဆဲပဲလို့ ဆိုပါတယ်။

■ စိုးရိမ်မှုတွေနဲ့ သွားလာနေရ

မြို့ပေါ်ကနေ စစ်တပ်လာနေပြီ ဆိုတာနဲ့ ရွာကနေ ထွက်ပြေးဖို့ အထုပ်အပိုး ပြင်ဆင်ထားရတယ်လို့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်က CDM ဆရာမ ရိုစီကပြောပါတယ်။ စစ်တပ်က ရွာထဲဝင်လာပြီဆို မဲမဲ မြင်ရာ အကုန်ပစ်တာမို့ ကလေးလူကြီး ဘယ်သူမှ ရွာထဲ မနေရဲကြဘူးလို့ ဒေသခံတွေကပြောပါတယ်။

”မြို့ပေါ်ကနေ (စစ်တပ်) ဆင်းလာပြီဟေ့ ဆိုရင်ကို နားစွံ့နေရတာပေ့ါ အရပ်ထဲက သာမန်သူတွေနဲ့ကို မတူဘူးလေ။ကိုယ့်ကိုကျ ခေါင်းစဥ်ပိုတပ်လို့ ကောင်းတာကိုး၊ ပိုပြီးတော့ စိုးရိမ်ရတာကိုး။ ဘယ်မှလည်း သွားလို့လာလို့ မကောင်းဘူး။ လမ်းပေါ်ရောက်ပြီဟေ့ဆိုရင် ဘယ်ရွာကလဲ ၊ ဘာလုပ်တာလဲ မေးလို့ သူတို့သိသွားမှာတွေ စိုးရိမ်တော့ လမ်းပေါ် မထွက်ရဲတာပေါ့ “ လို့ ဆရာမရိုစီကပြောပါတယ်။

ဒီကာလထဲမှာ သူမဟာ ဒုတိယမြောက်ကိုယ်ဝန်ကို လွယ်ခဲ့ရတာမို့ စိုးရိမ်စိတ်က တခြားသူတွေထက်ပိုခဲ့ပါတယ်။ အသက်အရွယ် တစ်ခုကို ရောက်နေပြီ ဖြစ်တဲ့ အတွက် သူမက ကလေးယူဖို့ ဆုံးဖြတ်လိုက်ရပေမယ့် တိုက်ပွဲတွေ မကြာခဏဖြစ်နေတဲ့ သူတို့ဒေသမှာ ဆေးရုံဆေးခန်းသွားဖို့ပင် စိန်ခေါ်မှု တစ်ခုဖြစ်ခဲ့ပါတယ်။

ဝင်ငွေလည်း မရှိတော့တာမို့ ကုန်ကျစရိတ် သက်သာတဲ့ ပြည်သူ့ဆေးရုံမှာ မီးဖွားဖို့ စိတ်ကူးဆုံးဖြတ်ထားခဲ့တာပါ။ ဒါပေမယ့်လည်း သူမမီးဖွားဖို့ ဆေးရုံသွားရမယ့် ရက်မှာ အဲဒီလမ်းပိုင်းတလျောက် တိုက်ပွဲဖြစ်လို့ လမ်းကြောင်းရှင်းတဲ့ ပုဂ္ဂလိက ဆေးရုံမှာပဲ မီးဖွားလိုက်ရပါတယ်။ အခုဆိုရင် လသားအရွယ် ကလေးကို ကာကွယ်ဆေးသွားထိုးဖို့ သွားရတာပင် စိုးရိမ်စိတ်နဲ့ သွားလာနေရဆဲဖြစ်ပါတယ်။

စစ်ဆေးခံရပြီး ဖမ်းဆီးလိုက်မှာကို စိုးရိမ်တဲ့အတွက် လမ်းပေါ် မတက်ရဲသူဟာ သူမ တစ်‌ေယာက်တည်း မဟုတ်ပါဘူး။ စစ်တပ်က တွေ့တဲ့သူကို ခေါင်းစဥ်အမျိုးမျိုးတပ်ပြီး ဖမ်းဆီးနေတဲ့အတွက် ပြည်သူအများစုကတော့ လမ်းပေါ်ထွက်ရင်ကို စစ်ကောင်စီ တပ်နဲ့ သူတို့လက်အောက်ခံအဖွဲ့တွေနဲ့ တွေ့မှာကို စိုးရိမ်နေကြတာပါ။ အဲဒီ အထဲမှာ CDM ဝန်ထမ်းတွေ က ပိုပြီးစိုးရိမ်နေကြပါတယ်။

မုံရွာမြို့က ဆရာမ တစ်ဦးက “စစ်ဆေးရေးဂိတ်ကို ဖြတ်သွားရမယ့် နေရာတွေဆို မသွားတော့ဘူး။ ဆိုင်ကယ်မောင်းနေရင်း ‌ရှေ့မှာ သူတို့ကို ရုတ်တရက် တွေ့လိုက်ပြီဆိုရင်လည်း ကြောက်တော့ ချက်ချင်း ပြန်ကွေ့မိတာ ။ အခုနောက်ပိုင်းတော့ အဲဒီလို မကွေ့မိအောင် အတော်လေး သတိထားရတယ်။ ပြန်ကွေ့တာ သူတို့မြင်ရင်လည်း နောက်ကနေ ပစ်လိုက်မှာ စိုးရိမ်ရသေးတယ်လေ။ “ လိို့ ပြောပါတယ်။

■ ဖိနှိမ်မှုကြားက CDM ခရီးကို ဆက်လျှောက်နေ

စစ်ကောင်စီက CDM တွေကို ဖမ်းဆီးထောင်ချပစ်တာ။ ညှင်းပမ်း နှိပ်စက်တာမျိုးတွေ လုပ်နေတာ ဆက်တိုက်ပါပဲ။ တချို့ CDM တွေဆို စစ်ကြောရေးမှာပဲ သတ်ဖြတ်ခံရတာမျိုးထိ ရှိပါတယ်။ လက်နက်မကိုင်တဲ့ သူတို့ ရဲ့ CDM တော်လှန်ရေးကို စစ်တပ်ရဲ့ နှိမ်နင်းပုံက ရက်စက်မှု အတိဖြစ်ပါတယ်။

ဒါပေမယ့်လည်း CDM တွေဟာ အန္တရာယ် ရှိလှတဲ့ ဒီလမ်းကို ရဲဝံ့စွာ လျှောက်နေကြဆဲပါ။

“ကိုယ်ကမှ လုပ်ထားတယ်ဆိုတဲ့ အချက်တချက်ပဲ ရှိသေးတာ။ တခြားမိသားစုတွေ လူငယ်တွေဆို အသက်နဲ့ ရင်းပြီးတော့မှ ပေးဆပ်ပြီးတော့မှ ‌ရှေ့မှာ ရှိနေတော့ကျ အဲဒီအားနဲ့ ရှေ့ဆက်ဖြစ်တယ် တော်လှန်ရေးမှာ ကိုယ်ကိုတိုင် ပါဝင်ရတဲ့ အတွက်လည်း ကျေနပ်တယ်ပေါ့နော်။” လို့ ဆရာမ ရိုစီက ပြောပါတယ်။

ကိုယ့်လုပ်ရပ်ဟာ ကိုယ့်သမိုင်းဖြစ်မှာမို့ နောင်တချိန်မှာ ဂုဏ်ယူစွာနဲ့ ပြောနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ မစံပယ်တို့လို CDM ဆရာမ တွေဟာ အခက်အခဲတွေကို ကြံ့ကြံခံ ရင်ဆိုင်နေကြပါတယ်။ လုံခြုံရေး စိုးရိမ်လို့ နေအိမ်ကို စွန့်ပြီး တိမ်းရှောင်နေရသူ‌တွေရှိသလို တချို့ ကတော့ လုံခြုံရေးထက် ဝမ်းရေးက ပိုခက်လို့ လမ်းပေါ်ထွက် ရုန်းကန်နေရသူတွေလည်း ရှိပါတယ်။ လုံခြုံရေးကို သတိမမူနိုင်ဘဲ ရရာ အလုပ် ဝင်လုပ်ပြီး မိသားစု စားဝတ်နေရေး ဖြေရှင်းနေရသူတွေ ဒုနဲ့ဒေးပါပဲ ။ သေချာတာကတော့ ဒီလမ်းကို လွယ်ကူနေလို့ လျှောက်ခဲ့ကြတာ မဟုတ်ပါဘူး။

“CDM အချို့ဆို သူ့ကို မှီခိုနေရတဲ့ မိသားစုပါရှိတော့ အတော်လေး အခက်အခဲ ဖြစ်သွားကြတယ်။ ဒါပေမယ့် သူတို့ တောင့်ခံကြတယ်။ တကယ်ကို လေးစားမိတယ်။ တော်လှန်ရေးကြီး အောင်မြင်သည်ထိ တောင့်ခံထားကြပါလို့လည်း ပြောချင်တယ်” လို့ မစံပယ်က တိုက်တွန်းပြောဆိုပါတယ်။