စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ကျေးရွာတွေထဲ သုံးရက်ကြာ စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ လက်ခုပ်ကုန်းရွာက စစ်မှုထမ်းဟောင်း ဒုတပ်ကြပ်တဦးရဲ့ နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်ကြောင်းက ကျေးရွာအတွင်း နေအိမ်တွေကို မီးရှို့ခဲ့ရာမှာ လက်ခုပ်ကုန်းရွာက အငြိမ်းစား ဒုတပ်ကြပ်လည်းဖြစ်၊ လက်ရှိ ကန့်ဘလူမြို့နယ် စစ်မှုဟောင်းအဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်တဲ့ ဦးဘိုသိန်းရဲ့ နေအိမ်ကိုလည်း မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေပါဝင်တဲ့ အဲ့ဒီစစ်ကြောင်းဟာ အင်အား (၁၂၀) ဝန်းကျင်နဲ့ ကန့်ဘလူနယ်ထဲ ဒီဇင်ဘာ (၁၄) ရက်ကနေ (၁၆) ရက်အထိ စစ်ကြောင်းထိုးခဲ့ရာမှာ သုံးရက်အတွင်း ရွာသုံးရွာက နေအိမ် (၅၇) လုံးကို မီးရှို့ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
“ကန့်ဘလူမြို့က တချို့ရွာတွေကို စစ်တပ်ကစစ်ကြောင်းထိုးနေတာ ရှိပါတယ်၊နေအိမ်တွေ မီးရှို့နေတာလည်း ဟုတ်ပါတယ်၊ ဖုန်းလိုင်းတွေက အဆင်မပြေတော့ တရွာနဲ့တရွာ အဆက်အသွယ်တော့ ခက်နေတယ်” လို ကန့်ဘလူမြို့ခံတဦးက ပြောပါတယ်။
စစ်မှုထမ်းဟောင်းနေအိမ် မီးရှို့ခံရတယ်ဆိုတဲ့ကိစ္စနဲ့ ပက်သက်လို့ DNA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ စစ်ကောင်စီစစ်ကြောင်းဟာ ကန့်ဘလူနယ်ထဲက လွှဲဆိပ်၊ လက်ခုပ်ကုန်း၊ ဘောရွာတို့ကို သုံးရက်ဆက် မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလို စစ်ကြောင်းထိုး မီးရှို့တာ၊ ပစ်ခတ်မှုတွေ လုပ်တာကြောင့် မီးရှို့ခံရတဲ့ ရွာတွေအပါအဝင် အနီးအနား ကျေးရွာတွေက ဒေသခံလေးထောင်ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။