မြန်မာပြည်သူတွေ ထိုက်တန်တဲ့ ဆုလာဘ်ရလိမ့်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်သံအမတ်ကြီးပြော

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ မြန်မာပြည်သူတွေအနေနဲ့ နောက်ဆုံးမှာ ထိုက်တန်တဲ့ ဆုလာဘ်ကို ရလိမ့်မယ်လို့ ယုံကြည်ကြောင်း တာဝန်ပြီးဆုံးပြီဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ်အယ် ဗိုက်ဒါက ဒီကနေ့သတင်းစကားပါးလိုက်ပါတယ်။

“တရားမျှတမှုဆီရောက်ဖို့ အချိန်ကြာမြင့်တတ်ပေမယ့် စကြဝဠာကြီးက တရားမျှတမှုဆီကိုပဲ ဦးတည်ရွေ့လျားနေပါတယ်” လို့ မာတင်လူသာကင်းဂျူနီယာက ပြောခဲ့ဖူးပါတယ်၊ အချိန်တွေတော့ ပိုကြာကောင်း ကြာပါလိမ့်မယ်၊ ဒါပေမယ့် မြန်မာပြည်သူတွေဟာ နောက်ဆုံးမှာတော့ မိမိတို့ရဲ့မွေးရာပါ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အသေအချာ ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ သူကပြောပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာပြည်သူတွေဟာ အသက်မွေးမှု၊ ပညာရေး၊ လွတ်လပ်ခွင့်နဲ့ အများကောင်းစားရေးအတွက် အသက်တွေကိုတောင် စတေးကြရတာတွေကို မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့တယ်လို့လည်း အမေရိကန် သံအမတ်ကြီးက ပြောပါတယ်။

အာဏာရှင်အဖွဲ့အစည်းအပေါ် သံတမန်ရေးနဲ့ စီးပွားရေးအရ ဖိအားပေးဖို့၊ သူတို့ ကျူးလွန်ခဲ့တာတွေ၊ ဆက်လက်ပြီး ကျူးလွန်နေတဲ့ နှိပ်စက်ကလူပြုမှုတွေအတွက် အာဏာရှင်အဖွဲ့အစည်းကို တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့နဲ့ မြန်မာပြည်သူတွေကို ထောက်ခံအားပေးဖို့၊ အကူအညီတွေပေးနိုင်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သံအမတ်ကြီး သောမတ်စ်အယ်ဗိုက်ဒါက သူ့ရဲ့နှုတ်ဆက်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုတာဝန်ပြီးဆုံးသွားတဲ့ သံအမတ်ကြီး သောမတ်စ်အယ်ဗိုက်ဒါဟာ NLD အစိုးရလက်ထက် ၂၀၂၁ခုနှစ် ဇန်နဝါရီ (၁၉) ရက်မှာ သမ္မတဦးဝင်းမြင့်ဆီ သံအမတ်ခန့်အပ်လွှာပေးအပ်ပြီး စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဖြစ်ပါတယ်။

စစ်အာဏာသိမ်းဖို့ ရက်ပိုင်းအလို မြန်မာနိုင်ငံမှာ သံအမတ်ကြီးတာဝန် စတင်ထမ်းဆောင်ခဲ့တဲ့ သံအမတ်ကြီး သောမတ်စ်အယ်ဗိုက်ဒါဟာ အမေရိကန်နဲ့မြန်မာ သံတမန်ဆက်ဆံရေး ပြန်လည်တိုးမြှင့်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစလို့ ဆယ်စုနှစ်တခုကြာ ကာလအတွင်း နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့တဲ့ သံအမတ်ကြီးလည်း ဖြစ်လာပါတယ်။

သံအမတ်ကြီး သောမစတ်အယ်ဗိုက်ဒါ တာဝန်ပြီးဆုံးချိန်ကစလို့ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ နောက်ထပ်သံအမတ်ကြီးတဦး မခန့်အပ်တော့ဘဲ သံတမန်ဆက်ဆံရေးအဆင့် လျှော့ချတော့မယ်လို့ အမေရိကန်နိုင်ငံခြား ဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုထားပါတယ်။

“ထူးခြားပြောင်မြောက်တဲ့ လူပုဂ္ဂိုလ်ပေါင်းများစွာနဲ့ အတူတကွ ယှဉ်တွဲအလုပ်လုပ်ခွင့်ရခဲ့တာ၊ မြန်မာပြည်သူတွေနဲ့ သူတို့ ရှာဖွေနေတဲ့ တရားမျှတမှုအတွက် ထောက်ခံအားပေးခဲ့ရတာတွေအတွက် တကယ်ဂုဏ်ယူရပါတယ်” လို့ သံအမတ်ကြီးရဲ့ နှုတ်ဆက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။