မိုင်းမတော်တဆဖြစ်လို့ သရက်ချောင်း PDF တပ်ဖွဲ့ဝင်တဦးကျဆုံး

တနင်္သါရီတိုင်း၊ သရက်ချောင်းမြို့နယ် အခြေစိုက် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့(TYC-PDF) တပ်ဖွဲ့ဝင် (၁၉) နှစ်အရွယ်ရဲဘော်ဖြူလေး (ခ) လိပ်စွန်ဟာ ဒီဇင်ဘာ (၁၅) ရက်က မိုင်းဆင်နေချိန်မှာ မတော်တ ဆပေါက်ကွဲမှုဖြစ်ပြီး ကျဆုံးသွားတယ်လို့ အဲ့ဒီအဖွဲ့ ပြန်ကြားရေး တာဝန်ခံက DNA ကိုပြောပါတယ်။

“အော်ပရေးရှင်းလုပ်နေတုန်း မတော်တဆဖြစ်ပြီး ကျဆုံးတာပါ၊ သူ့မိဘတွေကိုရော အကြောင်းကြားပြီး ဆယ့်ခြောက်ရက်နေ့မှာ ရဲဘော်အနေနဲ့ စျာပနအခမ်းအနားလုပ်ပြီး သဂြိုလ်ခဲ့တယ်” လို့ သူကပြောပါတယ်။

မိုင်းမတော်တဆဖြစ်တဲ့ နေရာအနီးအနားမှာ တခြားတပ်ဖွဲ့ဝင်တွေလည်းရှိနေပြီး သူတဦးတည်းပဲထိခိုက်ကျဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို မိုင်းမတော်တဆမှု ဖြစ်ပွားရတာဟာ ပစ္စည်းလက်နက်ပြည့်စုံမှု မရှိတဲ့အတွက် အသက်ကိုရင်းရသလို ဖြစ်နေတယ်လို့ TYC- PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

” လက်လုပ်ဆိုတော့ safe မဖြစ်ဘူး၊ အော်ရယ်ဂျင်နယ်တွေကိုလည်း ကျွန်တော်တို့ မတိုးနိုင်ဘူး” လို့ သူကဆိုပါတယ်။

ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်ဟာ သင်တန်းဆင်းမိုင်းကျွမ်းကျင်သူတဦးဖြစ်ပြီး အန္ဒရာယ်များတဲ့ လက် လုပ်ပစ္စည်းကြောင့်သာ ကျဆုံးရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ကို ရရာလက်နက်နဲ့ ခုခံတော်လှန် တိုက်ခိုက်နေတဲ့ နိုင်ငံတဝန်းက တော်လှန်ရေး တပ်ဖွဲ့ဝင်အများစုဟာ တော်လှန်ရေးကာလ နှစ်နှစ်ဝန်းကျင်အထိ လက်လုပ် လက်နက်တွေကိုသာ အသုံးပြုနေကြရတာပါ။

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ အသုံးပြုဖို့အတွက် လက်လုပ်လက်နက်ထုတ်လုပ်ရင်း၊ စမ်းသပ်ပစ်ခတ်ရင်း ထိခိုက်ကျဆုံးသူနဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးသူတွေလည်း အများအပြား ရှိနေပါတယ်။