စစ်အုပ်စု တပ်စွဲတဲ့ရွာမှာ ဒဏ်ရာနဲ့ပိတ်မိနေတဲ့ တပ်ဖွဲ့ဝင်ကို MRA ကပြန်ကယ်ထုတ်

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ ကျေးရွာထဲ သေနတ်ဒဏ်ရာနဲ့ ပိတ်မိနေတဲ့ ရဲဘော်ကို မြောင်တော်လှန်ရေးတပ် Myaung Revolution Army က စစ်ဆင်ရေးတရပ်နဲ့ ပြန်လည် ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မြောင်မြို့နယ် ဖွားစောရွာမှာ ကျေးရွာလုံခြုံရေး တာဝန်ယူနေတဲ့ အသက် (၂၃) နှစ်အရွယ် ပကဖ အဖွဲ့ဝင်တဦးဟာ စစ်အုပ်စုပစ်ခတ်မှုကြောင့် ခြေထောက်နှစ်ဖက်လုံးကို ကျည်ထိမှန်ခဲ့ပြီး အဲ့ဒီရွာထဲမှာ ပိတ်မိနေတာလို့ ဆိုပါတယ်။

အဲဒီအခြေနေကို MRA ကသိရှိခဲ့ပြီးနောက် စစ်ဆင်ရေး တရပ်ပြုလုပ်ကာ ပိတ်မိနေတဲ့ရဲဘော်ကို ဒီဇင်ဘာလ ၁၁ ရက် ညနေ ၅ နာရီဝန်းကျင်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ ရွာအတွင်း ဝင်ရောက်ကယ် ဆယ်ခဲ့တာ လို့ဆိုပါတယ်။

“တဘက်ကနေ တိုက်ပွဲဖော်ဆောင်ပြီး တခြားတဘက်ကနေ ကျေးရွာထဲဝင်ပြီး ရဲဘော်ကို ပြန်လည်ကယ် ထုတ်နိုင်ခဲ့ပါတယ်၊ ကျွန်တော်တို့ (၂၄) နာရီအတွင်း မစ်ရှင်ချပြီး တိတ်တဆိတ်ဝင်ကယ်ထုတ်ခဲ့ရတာပါ ” လို MRA တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

ဒဏ်ရာနဲ့ ရွာထဲပိန်မိနေတဲ့ တပ်ဖွဲ့ဝင်ဟာ ကျေးရွာအတွင်း ပိတ်မိနေချိန်မှာသွေးထွက်လွန်ပြီး အသက်အန္တရာယ် စိုးရိမ်ခဲ့ရပေမယ့် လက်ရှိမှာ ဆေးကုသမှုခံယူနေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမရှိတော့ဘူးလို့ သိရပါတယ်။

“အခြေနေက တော်တော်ကို လွန်ပါပြီ၊ အချိန်နည်းနည်းနောက်ကျသွားရင်ကို ကျွန်တော်အသက်အန္တရာယ် စိုးရိမ်ရတယ်၊ အဖွဲ့ က အသက်စွန့်ပြီး ကျွန်တော့်ကိုပြန်ကယ်ပေးလို ကျေးဇူးလည်းတင်တယ် ” လို့ ပြန်လည်လွတ်မြောက်လာတဲ့ တပ်ဖွဲ့ဝင်က ပြောပါတယ်။

မြောင်မြို့ပေါ်ကနေ မြို့နယ်အတွင်းက ကျေးရွာတွေထဲ အခုလအတွင်းစစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဖွားစောကျေးရွာမှာ နှစ်ညအိပ်တပ်စွဲနေထိုင်ခဲ့ပြီး အဲ့ဒီရွာကနေ အိမ်တွေကိုမီး ရှို့ခဲ့သလို အနီးအနား ကျေးရွာတွေမှာလည်း နေအိမ်မီးရှို့တာ တွေလုပ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။