တီးတိန်မြို့အနီး တပ်စွဲထားတဲ့စစ်တပ် တိုက်ခိုက်ခံရ

ချင်းပြည်နယ်၊ တီးတိန်မြို့အနီး ဆဲဇာန်ကျေးရွာ စာသင်ကျောင်းမှာ အင်အားလေးဆယ်ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီဇင််ဘာ (၁၆) ရက် နေ့လယ်ပိုင်းမှာ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြတယ်လို့ CDF CDM Siyin အဖွဲ့က ထုတ်ပြန်ပါတယ်။

” ဖြစ်တော့ မြို့အဝင်ဘက်ကဆိုင်တွေ ပိတ်ရတာပေါ့၊ မိုင်ခရိုဝေ့ကုန်းပေါ်ကနေ စစ်တပ်က နေ့လယ် ဆယ့်နှစ်နာရီလောက်ကနေ နှစ်နာရီခွဲလောက်ထိ လက်နက်ကြီးနဲ့ ဆက်တိုက်ထုတယ်၊ မြို့အဝင်ဘက်တွေကိုကျပြီး ဆယ့်ငါးနှစ်ကောင်လေး ခြေထောက်ကို အစတွေမှန်တယ်၊ အိမ်ပေါ်တွေကို မကျတာ ကံကောင်းလို့” လို့ တီးတိန်မြို့ခံတဦးက ပြောပါတယ်။

ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတိုက်ပွဲဟာ အချိန်တနာရီဝန်းကျင် ကြာမြင့်ခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေရှိပြီး ဒေသခံကာကွယ်ရေးတပ်ဘက်က တပ်ဖွဲ့ဝင်တဦး လက်နက်ကြီးထိပေမယ့် မစိုးရိမ်ရ ဒဏ်ရာခဲ့တယ်လို့ CDM Siyin ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီက သူတို့ဘက်က ထိခိုက်သေဆုံးမှုတွေကို သိုသိုသိပ်သိပ် ဖုန်းကွယ်လေ့ရှိတာကြောင့် ထိ ခိုက်မှုကို သိဖို့ခက်ပြီး အချိန်နည်းနည်းကြာမှ ကြားသိရလေ့ရှိတယ်လို့ တီးတိန်မြို့ခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် တီးတိန်မြို့လမ်းမတွေမှာ လူသွားလူလာ မရှိသလောက်ဖြစ်ပြီး တမြို့လုံးတိတ် ဆိတ်သွားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်တိုင်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်လေ့ရှိတာကြောင့် တိုက်ပွဲ ဧရိယာတွေနဲ့ ဆက်စပ်နေတဲ့ ဒေသခံတွေ သတိထားနေရတယ်လို့ ဆိုပါတယ်။

” သူတို့ရဲ့ နောက်ဆုံးလက်နက်က ဒါပဲလေ၊ တိုက်ပွဲဖြစ်ပြီး အထိနာတာနဲ့ ပြည်သူကိုထိအောင်လုပ်မယ်၊ ဒီလိုတွေဖြစ်ရင် မင်းတို့နာမယ်ပေါ့၊ အကြောက်တရားသွင်း၊ ပြည်သူကို အချင်းချင်း အပြစ်တင်အောင်လုပ်တာ သူ့တို့ဗျူဟာပေါ့” လို့ တီးတိန်မြို့ခံ နောက်တဦးက ပြောပါတယ်။