လွတ်သွားတဲ့ ချင်ပန်ဇီတွေကို ပစ်သတ်ခဲ့တဲ့အတွက် ဆွီဒင် တိရစ္ဆာန်ရုံ အကြီးအကျယ် ဝေဖန်ခံနေရ 

ထွက်ပြေး လွတ်မြောက်သွားတဲ့ ချင်ပန်ဇီ မျောက်ဝံတွေကို ပစ်သတ်ခဲ့တဲ့ ဆွီဒင် တိရစ္ဆာန်ရုံ တစ်ခုဟာ လူထုရဲ့ အပြင်းအထန် ဝေဖန် ရှုတ်ချမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

ဖူရူဗစ်ခ်မြို့မှာရှိတဲ့ တိရစ္ဆာန်ရုံကတော့ အခုသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ ကိစ္စမှာ လွတ်မြောက်သွားတဲ့ ချင်ပန်ဇီတွေကို ပစ်မသတ်ဘဲ မေ့ဆေးနဲ့ပဲ ပစ်ဖမ်းမယ်ဆိုရင် လူတွေရဲ့ အသက်အန္တရာယ်အတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်တာကြောင့် မလွှဲမရှောင်သာ လုပ်ဆောင်ခဲ့ရတာလို့ အကြောင်းပြပါတယ်။ 

တိရစ္ဆာန်ရုံ ဝန်ထမ်းတွေရဲ့ ပစ်ခတ်မှုကြောင့် ချင်ပန်ဇီ သုံးကောင် သေဆုံးပြီး တခြားတစ်ကောင် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီ ချင်ပန်ဇီတွေဟာ ဆွီဒင်မှာ လူသိများတဲ့၊ လူချစ်လူခင်ပေါတဲ့ တိရစ္ဆာန်တွေ ဖြစ်တာကြောင့် တိရစ္ဆာန်ရုံရဲ့ ကိုင်တွယ်ပုံအပေါ် မကျေမနပ် ပေါက်ကွဲမှုတွေ ဖြစ်လာတာပါ။ 

တိရစ္ဆာန်ရုံဆီ ပုံမှန် သွားရောက် လည်ပတ်နေကျ မက်သီးယက်စ် အော့စ်ဗက်သ် ဆိုသူက အဲဒီ ချင်ပန်ဇီတွေဟာ လူတွေနဲ့ အတော်ယဉ်ပါးပြီး ရန်လိုတဲ့ ပုံစံမျိုး လုံးဝ မရှိဘူးလို့ ပြောပါတယ်။ နောက်ပြီး ချင်ပန်ဇီတွေ လွတ်သွားတာဟာ တိရစ္ဆာန်ရုံဖက်က ပေါ့လျော့မှုသာဖြစ်ပြီး သူတို့ကို သတ်ပစ်လိုက်တယ် ဆိုတာက တာဝန်မဲ့လွန်းရာ ကျတယ်လို့လည်း သူက စွပ်စွဲပါတယ်။ 

ဒီဇင်ဘာ ၁၄ ရက်တုန်းက ချင်ပန်ဇီတွေဟာ​ လှောင်အိမ်ထဲက လွတ်သွားပြီး တိရစ္ဆာန်ရုံ ဝင်းထဲမှာ လွတ်လွတ်လပ်လပ် သွားလာနေခဲ့တာ ဖြစ်ပါတယ်။ တိရစ္ဆာန်ရုံဖက်ကတော့ ချင်ပန်ဇီတွေဟာ အပြင်ပန်းကြည့်ရင် အေးချမ်းသလို ရှိပေမယ့် လူသားတွေအတွက် အကြီးအကျယ် အန္တရာယ် ပြုနိုင်ကြောင်း၊ သူတို့ဟာ လျင်မြန်လွန်း၊ သန်မာလွန်းပြီး အကြောက်တရားလည်း မရှိကြောင်း ထုတ်ပြန်ပါတယ်။ 

မေ့ဆေးသေနတ် မသုံးရတာက အဲဒီ သေနတ်ဟာ အနီးကပ်ပဲ ပစ်ခတ်လို့ ရတာကြောင့် ဖြစ်တယ်လို့လည်း တိရစ္ဆာန်ရုံဖက်က ဖြေရှင်းပါတယ်။ ချင်ပန်ဇီတွေနားကို အရမ်းတိုးကပ်ပြီး မေ့ဆေးသေနတ်နဲ့ ပစ်ခတ်ဖို့ ဆိုတာက အန္တရာယ် များလွန်းတယ်လို့ ဆိုပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် မျိုးသုဉ်းလုနီးပါး ရှားပါးမျိုးနွယ်ဝင် တိရစ္ဆာန်တွေကို ပစ်သတ်ခဲ့တဲ့ တိရစ္ဆာန်ရုံရဲ့ ဆုံးဖြတ်ချက်ဟာ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။