ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အကြီးကျယ်ဆုံး စစ်လက်နက် စုစည်းတည်ဆောက်ရေး စီမံကိန်းသစ်ကို ဂျပန်နိုင်ငံက အတည်ပြု ကြေညာလိုက်ပါတယ်။
ဒုတိယ ကမ္ဘာစစ်မှာ စစ်ရှုံးပြီး ကတည်းက စစ်ကိုဆန့်ကျင်ပြီး ငြိမ်းချမ်းရေးကို လိုလားတဲ့ ပစိဖစ်ဝါဒကို လက်ကိုင် ထားခဲ့ပေမယ့်လည်း အခုတော့ ဒေသတွင်း မဟာပြိုင်ဘက် တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဂျပန်ကလည်း ကာကွယ်ရေး အသုံးစရိတ်ကို အစဉ်တစိုက် မြှင့်တင်လာနေရပါတယ်။
ဒီဇင်ဘာ ၁၆ ရက်မှာတော့ ဂျပန် အစိုးရက လာမယ့် ၅ နှစ်အတွင်း ဒေါ်လာ ၃၂၀ ဘီလီယံဖိုး စစ်လက်နက်တွေ ချဲ့ထွင် ဝယ်ယူမယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ ဂျပန်ဝယ်ယူမယ့် စစ်လက်နက်တွေထဲမှာ အရေးကြုံလာရင် တရုတ်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်မယ့် နည်းပညာမြင့် ဒုံးကျည်တွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။
ယူကရိန်းကို အင်အားကြီး အိမ်နီးချင်း နိုင်ငံ ရုရှားက ကျူးကျော်ခဲ့တဲ့ ဖြစ်စဉ်ကို သင်ခန်းစာယူပြီး ဂျပန် အနေနဲ့လည်း ကြုံလာနိုင်သမျှ အခြေအနေ အားလုံးအတွက် အသင့် ပြင်ဆင်ထားဖို့ လိုမယ်လို့ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ပြောပါတယ်။ သူက ရုရှား-ယူကရိန်းဟာ သမိုင်းရဲ့ အရေးပါတဲ့ အလှည့်အပြောင်း တစ်ခုလို့လည်း မှတ်ချက် ပေးခဲ့ပါတယ်။
ဂျပန် အစိုးရက နိုင်ငံရဲ့ ပြည်စောင့်တပ်တွေ အနေနဲ့ စစ်လက်နက် အပိုပစ္စည်းတွေနဲ့ ခဲယမ်းမီးကျောက်တွေကို ပမာဏ အများအပြား သိုလှောင် သိမ်းဆည်းထားဖို့လည်း လိုအပ်နေကြောင်း ပြောပါတယ်။ ဂျပန်ဟာ ဒုတိယ ကမ္ဘာစစ် အပြီးမှာ အမေရိကန် ဦးဆောင် ရေးဆွဲပေးတဲ့ ဖွဲ့စည်းပုံ ဥပဒေကို လက်ခံပြီး တခြားနိုင်ငံတွေအပေါ် စစ်ပြုကျူးကျော်တဲ့ မူဝါဒကို စွန့်လွှတ်ခဲ့ပါတယ်။
လက်ရှိမှာတော့ တရုတ်ဟာ ဂျပန်အတွက် တစ်ခုတည်းသော ခြိမ်းခြောက်မှု မဟုတ်ဘဲ တခြား နျူကလီးယား လက်နက်ပိုင် နိုင်ငံတွေဖြစ်တဲ့ မြောက်ကိုရီးယား၊ ရုရှားတို့နဲ့လည်း သီးခြား ပြဿနာတွေ ရှိနေပါတယ်။ မြောက်ကိုရီးယားဟာ ဂျပန် လေပိုင်နက်ကို ကျော်ပြီး ဒုံးကျည် စမ်းသပ်တာမျိုးတွေ လုပ်ခဲ့ဖူးသလို ရုရှားနဲ့ ဂျပန်ကြားမှာလည်း ဖြေရှင်းလို့ မရနိုင်တဲ့ ရေပိုင်နက် အငြင်းပွားမှုတွေ တည်မြဲနေဆဲ ဖြစ်ပါတယ်။