ရန်ကုန်မြို့၊ မင်္ဂလာဒုံလေတပ်စခန်းအတွင်း ဒီနေ့ည ကိုးနရီဝန်းကျင်မှာပေါက်ကွဲမူတွေဆက်တိုက်ဖြစ်ခဲ့တယ်လို့ အဲဒီအနီးဝန်းကျင်မှာနေထိုင်သူတွေဆီကသိရပါတယ်။
ပေါက်ကွဲမူနဲ့အတူ လေတပ်စခန်းအတွင်းဘက်ကနေ မီးပွားတွေထွက်တာပါတွေ့မြင်ရပြီး အသံကလည်း ကျယ်လောင်တယ်လို့ဆိုပါတယ်။
“သေချာတယ် လေတပ်စခန်းထဲကပဲဖြစ်တာ၊သုံးချက်လောက်ဆက်တိုက်ကြားရတယ်၊အတော်ပြင်းတာ၊ ဒီနားကနေတဲ့သူတွေဆိုမီးပွားတွေလွင့်လာတာပါတွေ့ရတယ်ပြောတယ်”လို့ မင်္ဂလာဒုံမြို့နယ်မှာနေထိုင်သူ တဦးကပြောပါတယ်။
အဲဒီလေတပ်စခန်းအနီးရပ်ကွက်မှာနေထိုင်သူနောက်ထပ်တစ်ဦးကလည်း ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကားတွေ နဲ့အတူ အရေးပေါ်ကားတွေပါရောက်လာပြီး ခြေရှုပ်နေတယ်လို့ဆိုပါတယ်။
အဲဒီလေတပ်စခန်းကို ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တခုက ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပေမယ့် DNA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
မင်္ဂလာဒုံလေတပ်စခန်းကို တိုက်ခိုက်မူဟာ အခုဖြစ်စဥ်မတိုင်ခင် အရင် လေးကြိမ်ထက် မနည်းရှိခဲ့ပြီ လို့ဒေသခံ တွေကဆိုပါတယ်။
ဒီနေ့ည တိုက်ခိုက်မူက အရင်အကြိမ်တွေထက်အပြင်းဆုံးဖြစ်ပြီး ထိခိုက်မှုအ ခြေအနေကိုတော့မသိရ သေးဘူး လို့သူတို့ကပြောပါတယ်။ဒီကနေ့ည ပေါက်ကွဲမှုကို မင်္ဂလာဒုံမြို့နယ်အတွင်း နေထိုင်သူတွေအပြင် အနီးပတ် ဝန်း ကျင်မြို့နယ်တွေမှာ နေထိုင်သူတွေလည်း ကြားရတယ်လို့ သိရပါတယ်။
ပေါက်ကွဲသံ သုံးချက်ဆက်တိုက် ထွက်ပေါ်ခဲ့တာကို သတိပြုမိပြီး ပေါက်ကွဲမှုဖြစ်တဲ့ နေရာ အနီးဝန်းကျင်မှာ တုန်ခါတဲ့အထိ ပြင်းထန်မယ့် ပေါက်ကွဲမှုဖြစ်ကြောင်း မှန်းဆသိရှိနိုင်တယ်လို့ အင်းစိန်မြို့နယ်အတွင်း နေထိုင်သူ တဦးကပြောပါတယ်။
အခုနှစ် ဧပြီလနဲ့ အောက်တိုဘာလတွေအတွင်းကလည်း မင်္ဂလာဒုံလေတပ်စခန်းအတွင်း ပေါက်ကွဲမှု တွေဖြစ်ခဲ့ ပြီး ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်ခံရတာဖြစ်တယ်လို့ အမည်မဖော်လို့တဲ့ ရန်ကုန်မြို့ခံ ပြောက်ကျားတပ်ဖွဲ့က သတင်း မီဒီယာတချို့ကို ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။