သင်္ဃန်းကျွန်းပို့စ် သတင်းဌာနတည်ထောင်သူ မထက်ထက်အောင်နဲ့ ကိုဝေလင်းယု ထောင်ငါးနှစ်စီချမှတ်ခံရ

စစ်ကောင်စီက တနှစ်ကျော်ကြာ ဖမ်းဆီးထားတဲ့ သင်္ဃန်းကျွန်းပို့စ် သတင်းဌာနတည်ထောင်သူ မထက်ထက်အောင်နဲ့ ကိုဝေလင်းတို့ကို ဒီကနေ့ ဒီဇင်ဘာ (၁၆) ရက်မှာ ထောင်ဒဏ် ငါးနှစ်စီချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။ 

“ချုပ်ရက်တွေ ခံစားခွင့်ရှိတယ်၊ လျော့ရက်တွေလည်း ရှိတယ်ဆိုတော့ နှစ် နှစ်ကျော်လောက်တော့ နေရမယ့်သဘောရှိတယ် ” လို့ဥပဒေပညာရှင်တွေက သုံးသပ်ပါတယ်။

သူတို့နှစ်ဦးကို ဖမ်းမိချိန်မှာ PVC ပိုက်တွေနဲ့အတူ တွေ့ရတယ်လို့ဆိုကာ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၅ နဲ့ အမှုဖွင့်တရားစွဲဆိုခဲ့ပြီး ဒီကနေ့မှာ ထောင်ငါးနှစ်စီ အမိန့်ချလိုက်တာပါ။ 

ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ(၅)မှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းကို မသင်္ကာဖွယ်ရာ ပြုလုပ်တာ၊လက်ဝယ်ထားရှိတာတွေအတွက် ၁၄နှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ငါးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်လို့ ပြဌာန်းထားပါတယ်။

“အမိန့်ချပြီဆိုတော့ လွတ်ငြိမ်းတွေမျှော်လို့ရနိုင်တာပေါ့၊ အမိန့်ကိုတော့ ဒီလောက်တော့နဂိုတည်းက တွေးထားတယ် ကြိုပြင်ဆင်ထားတယ်၊ မိဘတွေကတော့ စိတ်မကောင်းဘူးပေါ့၊ သမီးလေးကိုတော့ မပြောရသေးဘူး ” လို့ မထက်ထက်အောင်ရဲ့ မိသားစုဝင်တဦးကပြောပါတယ်။

လက်ရှိ ချမှတ်ခံရတဲ့ ထောင်ဒဏ်ငါးနှစ်ပြစ်ဒဏ်ကိုတော့ အယူခံဝင်ဖို့မရှိဘူးလို့ သိရပါတယ်။

ရန်ကုန်အခြေစိုက် သင်္ယန်းကျွန်းပို့စ် သတင်းဌာနက အယ်ဒီတာချုပ်နဲ့ တာဝန်ခံအယ်ဒီတာတွေဖြစ်တဲ့ မထက်ထက်အောင်နဲ့ ကိုဝေလင်းယုတို့ကိုစစ်ကောင်စီက  ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်စက်တင်ဘာလအတွင်း သာကေတမြို့ နယ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီက အဲ့ဒီသတင်းသမားနှစ်ဦးကို နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့ချိန်မှာ မထက်ထက်အောင်ရဲ့ သမီးဖြစ်သူအပါအဝင် ကလေးနှစ်ဦးကိုလည်း စစ်ကြောရေးကို ဖမ်းခေါ်သွားခဲ့ပြီး နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီဟာ ဒီကနေ့မှာပဲ အလွတ်တန်းသတင်းထောက်တဦးဖြစ်တဲ့ ကိုစိုးရာဇာထွန်းကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ၅၂(က)အရ အလုပ်နဲ့ထောင်ဒဏ်လေးနှစ်ချမှတ်ခဲ့ပါသေးတယ်။

ကိုစိုးရာဇာထွန်းဟာ လက်ရှိ အာဏာသိမ်းကာလအတွင်း နှစ်ကြိမ်တိုင်ဖမ်းဆီးထောင်ချခံရတဲ့ သတင်းသမားဖြစ်ပါတယ်။