ရခိုင်မှာ စစ်ကောင်စီက နိုင်ငံတကာကူညီရေးအဖွဲ့တွေကို သွားလာကူညီခွင့် ပိတ်ပင်ထားတာကြောင့် အဲဒီအဖွဲ့တွေရဲ့ အထောက်အပံ့တွေကို အားကိုးနေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာနေထိုင်သူတွေ စားနပ်ရိက္ခာအခက်အခဲနဲ့ ကြုံနေကြရပြီး ငတ်မွတ်တဲ့အခြေအနေတွေအထိ ရောက်နေကြတယ်လို့ ပြောကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ရှစ်ခုမှာ ပြည်တွင်း၊ပြည်ပ ဒုက္ခသည်ကူညီရေး အဖွဲ့တွေကို သွားလာခွင့်ပိတ်ထားခဲ့တာဖြစ်ပြီး အဲဒီလို ပိတ်ထားတာဟာ သုံးလကျော်သွားပြီဖြစ်ကာ အခုထိသွားလာ၊ ထောက်ပံ့ခွင့်မရသေးဘူးလို့ နိုင်ငံတကာကူညီရေး အဖွဲ့(NGOs, INGOs)တွေက ပြောကြပါတယ်။
ဒါကြောင့် အဲဒီမြို့နယ်တွေမှာ ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ရိက္ခာပြတ်လပ်ကာ ငတ်မွတ်တဲ့အထိ အခက်အခဲတွေနဲ့ ကြုံနေရတာလို့ ဆိုပါတယ်။
“တစ်ချို့ဆိုရင် ဆန်ပြုတ်ပြုတ်စားရတဲ့လူတွေရှိတယ်၊ ထမင်းနှစ်နပ်မှာ တစ်နပ်ပဲ စားရတာတွေရှိတယ်၊ ပုံမှန်စား နေတာထက် လျှော့စားရတာတွေ ရှိတယ်၊ ပြီးတော့ အကြွေးတွေ ယူပြီးစားနေရတာတွေ၊ တောင်းစားရတာတွေ ရှိ နေပါတယ်”လို့ ဒုက္ခသည်ကူညီရေးအဖွဲ့ကဝန်ထမ်းတဦးက ပြောပါတယ်။
ဆင်းရဲနွမ်းပါးသူတွေအများစုနေထိုင်ကြတဲ့ ဒုက္ခသည်စခန်းတွေမှာ အလုပ်အကိုင်ကလည်း ရှားပါးတဲ့အတွက် ပိုပြီး တော့ အခက်ကြုံကြရတယ်လို့ ဒုက္ခသည်ပေါင်း သုံးထောင်ကျော်ရှိတဲ့ မြေပုံမြို့နယ်အတွင်းက တောင်ပေါ် ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှာနေထိုင်တဲ့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။
“ငတ်ကြတာပါပဲ၊ အလုပ်လည်းမရှိတော့ အဲဒီရိက္ခာတစ်ခုတည်းကိုပဲ မှီခိုနေကြတာပဲလေ”လို့ သူက ဆိုပါတယ်။
အဲဒီလိုအခက်အခဲတွေ ကြုံနေကြရတာကြောင့် စားနပ်ရိက္ခာကူညီထောက်ပံ့ရေးလမ်းကြောင်းတွေပြန်ဖွင့်ပေးဖို့ ဒုက္ခသည်တွေနဲ့ ကူညီရေး အဖွဲ့တွေက မျှော်လင့်နေကြပါတယ်။ စစ်ကောင်စီဟာ AA နဲ့တိုက်ပွဲဖြစ်နေချိန်မှာ လုံခြုံရေးအကြောင်းပြချက်နဲ့ ဒုက္ခသည် ကူညီရေး အဖွဲ့အစည်းတွေကို ကူညီခွင့်တားမြစ်ခဲ့တာပါ။
“ကိုးလပိုင်းကတည်းက စားနှပ်ရိက္ခာမရသေးလို့ အများကြီးဒုက္ခခံကြရတယ်၊အခုထိ မရောက်သေးဘူး၊ ဘာမှ မရှိ တဲ့ဆင်းရဲသားတွေမှာ တော်တော်ဒုက္ခရောက်ကြရတယ်၊ ကျွန်တော်တို့မှာ ဆက်ပြီး ရိက္ခာမရလို့ရှိရင် အများကြီး ဒုက္ခရောက်မယ်၊ အဲဒါကို တော်တော် စိုးရိမ်ပါတယ်”လို့ ရသေ့တောင်မြို့နယ် အနောက်ပြင်ရွာ ဒုက္ခသည်စခန်းက ဒုက္ခသည်တစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ဒုက္ခသည်တွေကို စားနပ်ရိက္ခာနဲ့ ငွေကြေးတွေ အဓိကကူညီထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာကူညီရေးအဖွဲ့(NGOs, INGOs)တွေကို ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ စတဲ့ မြို့နယ်တွေအတွင်း သွားရောက်ခွင့် ပြီးခဲ့တဲ့ စက်တင်ဘာ လလယ်ကတည်းက စာထုတ်တားမြစ်ခဲ့တာပါ။
ဒါကြောင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးသူတွေဟာ အကူအညီတွေ ပြန်လည်ဝင်ရောက်ပေးနိုင်ခွင့် ရဖို့ မျှော်လင့်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းပေါင်းစပ်ရေးရုံး(UNOCHA)က ရခိုင် ဒေသအတွင်း အပစ်ရပ်ထားချိန်မှာ ထုတ်ပြန် ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၁၂ခုနှစ်ကဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဒေသခံ တစ်သိန်းလေးသောင်းနီးပါး နေရပ် စွန့်ခွာထွက်ပြေးခဲ့ကြရပြီး အဲဒီထဲက ၉၅ ရာခိုင်နှုန်းဟာ မွတ်စလင်တွေဖြစ်ကာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတယ်လို့ NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်အတွင်း ထုတ်ပြန်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင် ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ ရိုဟင်ဂျာဒုက္ခတွေအပေါ် ကူညီခွင့်ပိတ်ထားသလို တိုက်ပွဲတွေနဲ့ ဆက်စပ်လို့ ထွက်ပြေးနေကြရတဲ့ ရခိုင်စစ်ဘေးရှောင်တသိန်းကျော်ကိုလည်း ကူညီခွင့်ပိတ်ထားတဲ့အပြင် အစိုးရကပုံမှန်ပေးလာခဲ့တဲ့ ရိက္ခာကို လည်း ဖြတ်တောက်ထားပါတယ်။
စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေကို အဲ့ဒီလို ကူညီခွင့်ပိတ်ပင်တာ၊ ရိက္ခာဖြတ်တောက်တာတွေလုပ်တာဟာ ရခိုင်ဒေသခံလူထုကို အငတ်ဘေးဆိုက်အောင် လုပ်နေတာဖြစ်တယ်လို့ ရခိုင့်တပ်တော် AA က လည်း ထုတ်ပြန်ဝေဖန်ဖူးပါတယ်။