မန္တလေးမှာ ငါးရက်ကျော်ကြာ ပျောက်ဆုံးနေတဲ့ ကလေး နေအိမ်ကပ်လျက်က တိုက်ခန်းကပြန်တွေ့

မန္တလေးမြို့မှာငါးရက်ကျော်ကြာပျောက်ဆုံးနေတဲ့ ကလေးငယ် ကိုနေအိမ်ကပ်လျက်ရှိ တိုက်ခန်းမှာဝင်ရောက်ရှာဖွေရာမှာ ဒီဇင်ဘာ ၁၆ ရက်နေ့မနက်ပိုင်းမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို ကလေးငယ်ရဲ့ မိသားစုနဲ့နီးစပ်သူတဦးက DNA ကိုအတည်ပြုပြောပါတယ်။
ကလေးငယ်ကို ဘေးချင်းကပ်နေအိမ်မှာ လင်မယား ၂ ဦးက သူတို့နေအိမ်အပေါ်ထပ်မှာ ခေါ်ထားတာဖြစ်ပြီးငွေကြေးတောင်းခံမှုများလည်း ပြုလုပ်ခဲ့တယ်လို့ဆက်သိရပါတယ်။
” ယောကျာ်းလုပ်သူက သူမိန်းမကလေးကိုခေါ်ထားတယ်ဆိုပြီး အကြောင်းကြားလာလို့ အိမ်ဝင်ရှာတော့ တွေ့တာပါ။ ကလေးကိုပြန်ပေးမယ် ငွေသိန်း ၃၀၀၀ တောင်းတဲ့ စာတွေလည်း သူတို့ပို့ထားတာပေါ့။ အဲဒီလင်မယားက နှစ်လုံးထီရှုံးထားတယ်လို့လည်း အရင်ကတည်းကကြားထားတယ်။ ဒါပေမယ့်ရဲကလည်း ရှာမယ်ဆိုရင် ဝရမ်းလိုသေးတယ်ဘာညာပြောနေလို မရှာဖြစ်ခဲ့တာပါ။ အဲဒီအခန်းက လင်မယား ၂ ယောက်တည်းနေကြတာပါ။ဒါပေမယ့် အမြဲတမ်းပိတ်ထားတာပေါ့။ အဲဒီကတည်းက အဲဒီအိမ်ကိုသံသယဖြစ်နေတာပါ။ CCTV မှတ်တမ်းကြည့်တော့လည်း ကလေးက သိတဲ့လူတယောက်ကလှမ်းခေါ်လိုပြေးသွားတဲ့ပုံစံလေး အဲဒီအိမ်ရှေ့လေးတင်ပျောက်သွားတာ ” လိုသူကပြောပါတယ်။
ကလေးပျောက်ဆုံးမှုအတွက် ရဲစခန်းမှာ အမှုဖွင့်လှစ်ထားပြီး လတ်တလောမှာ ကလေးခေါ်ထားတဲ့ လင်မယားကို ရဲကဒီမနက်ပိုင်းက ဖမ်းဆီးသွားတယ်လိုသိရပါတယ်။
” ရဲကတော့ အဲဒီလင်မယားစစ်နေတယ်။ အသေးစိပ်မသိရသေးဘူး။ ကလေးကိုတော့ရိုက်နှက်တဲ့ပုံစံမရှိဘူး။ အိမ်ကတအားကပ်နေတာဆိုတော့ အသံမကြားအောင် စောင်နဲ့အုပ်ထားတာပေါ့ ” လို သူကပြောပါတယ်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ကတည်းက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာရှိတဲ့ နေအိမ်တလုံးမှာ အသက် ၅ နှစ်အရွယ် ဇွဲဝေယံထွန်းဆိုသူ ကလေးငယ်က ဆော့ကစားရင်ပျောက်ဆုံးသွားခဲ့လို့ မိဘတွေကလှုမှုကွန်ရက်တွေပေါ်မှာအကူအညီတောင်းခံပြီးဆက်တိုက်ရှာဖွေနေခဲ့ကြတာဖြစ်ပါတယ်။
အဲဒီလိုရှာဖွေနေချိန်မှာလည်း နေအိမ်အနီးအနားက CCTV ကွယ်ရာနေရာ ၁၀ ပေဝန်းကျင်လောက်မှာပဲ ကလေးငယ်က ပျောက်ဆုံးသွားတာဖြစ်တယ်လို့ ကူညီရှာဖွေပေးနေသူတွေက DNA ကိုပြောဆိုထားခဲ့ပါတယ်။
လက်ရှိမှာလည်း မန္တလေးမြို့မှာ ရက်ပိုင်းအတွင်း ကလေးငယ်ပျောက်ဆုံးတာတွေဆက်ဖြစ်လို့ ကူညီရှာဖွေမှုတွေဆက်တိုက်လုပ်နေတယ်လို့ မန္တလေးအခြေစိုက်လူမှုကူညီရေးအသင်းတွေကပြောပါတယ်။