ရေဦးနယ်၊ ချမ်းသာရွာကို ရွာလုံးကျွတ် မီးရှို့တဲ့စစ်တပ်က ရွာခံတဦးကိုလည်းသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ရေဦးနယ် အနောက်ဘက်ခြမ်းက ချမ်းသာရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့တဲ့အပြင် ဒေသခံပြည်သူတဦးကိုလည်း ခေါင်းဖြတ်သတ်ခဲ့တယ်လို့ ရေဦးမြို့နယ် ပြည်သူလုံခြုံရေးအဖွဲ့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

“အဲ့တစ်ယောက်တောင်မှ ကျွန်တော်တို့ ရွာထဲကို ခဏဝင်တဲ့အချိန်မှာ လမ်းခြံစည်းရိုးမှာ (ခေါင်း) ချိတ်ထားတာကို တွေ့ခဲ့ရတာမို့လို အတည်ပြုနိုင်တာ၊ နောက်ထပ်လည်း အသေပျောက်တွေ ရှိသေးလားဆိုတာတော့ ကျွန်တော်တို့ရွာထဲကို မဝင်ရသေးဘူး” လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်က ချမ်းသာရွာကို ဒီဇင်ဘာ (၁၄) ရက်၊ မွန်းလွဲပိုင်းမှာ စတင်မီးရှို့ခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း လေကြောင်းနဲ့ လာရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသကာကွယ်ရေးအ ဖွဲ့တွေက ကျေးရွာဒေသခံတွေကို ရွာအတွင်းမဝင်ဖို့ သတိပေးထားတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ရွာထဲကို ဝင်လို့မရသေးဘူး၊ ရွာကတော့ တစ်ရွာလုံးနီးပါး ပြာကျသွားပြီ၊ ကျန်သလောက် အိမ်လေးကလည်း လေး၊ ငါး၊ ဆယ်လုံးလောက်ပဲ ကျန်တော့တယ်” လို့ ချမ်းသာရွာ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ချမ်းသာရွာကို အခုတကြိမ် မီးရှို့ခဲ့တာဟာ တတိယအကြိမ်မြောက် ဖြစ်တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

အခုနှစ် မေလနဲ့ ဇွန်လတွေမှာ စစ်ကောင်စီက ခင်ဦး နယ်ထဲ စစ်ကြောင်းထိုးခဲ့ချိန်ကလည်း ချမ်းသာရွာကို နှစ်ကြိမ်မီးရှို့ခဲ့ဖူးပါတယ်။ အဲ့ဒီနှစ်ကြိမ်မီးရှို့ခံရမှုမှာ အိမ်ခြေ (၂၃၀) ကျော်ပျက်စီးခဲ့ပြီး အခုတတိယကြိမ် ထပ်ရှို့ခံရအပြီးမှာ တရွာလုံးနီးပါး မီးသင့်ပျက်စီးခဲ့ပြီလို့ ဆိုပါတယ်။

ချမ်းသာရွာဟာ ပေါ်တူရီနွယ်ဖွား ခရစ္စယာန် ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ ယှဥ်တွဲနေထိုင်တဲ့ရွာဖြစ်ပြီး အိမ်ခြေငါးရာကျော် ခြောက်ရာဝန်းကျင်ရှိတဲ့ ရွာဖြစ်တယ်လို့ သိရပါတယ်။

ဒီပဲယင်း အရှေ့ခြမ်းရွာတွေကို မွှေနှောက်စစ်ကြောင်းထိုးခဲ့ပြီး အခုလအတွင်း ရေဦးနယ်ထဲ ဆက်လက်စစ်ကြောင်းထိုး မီးရှို့မှုတွေလုပ်ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဒီကနေ့မှာ ရေဦးမြို့ပေါ်ကို ဆက်ထွက်ခွာသွားတယ်လို့ သိရပါတယ်။