အရှေ့ဒဂုံမှာ စစ်ယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရ

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊အမှတ် ၂ လမ်းမကြီးနဲ့ ကျန်စစ်သားလမ်းဆုံအနီးမှာကင်းလှည့်လာတဲ့ စစ်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူတချို့ရှိတယ်လို့ Yangon UG Association (YUA)တာဝန်ခံက DNA ကိုပြောပါ တယ်။

“စောင့်ကြည့်ပြီး သေချာမှ လုပ်လိုက်တာပါ “လို့သူက ဆိုပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ယာဥ်တန်းထဲက စစ်သားနှစ်ဦး ဒဏ်ရာရသွားပြီး ကားပေါ်ဆွဲတင်သွားတာမျက်မြင်တွေ့ရတယ်လို့လည်းဆိုပါတယ်။

အဲ့ဒီဖောက်ခွဲတိုက်ခိုက်မှုကို Generation Z Defense Force & Supply Army-GZDF က ပြုလုပ်ခဲ့တာ ဖြစ်ပြီး စစ်ယာဥ်တန်းကို မိုင်းနှစ်လုံးဆင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာ Yangon UG Associationရဲ့ အသက်လျော်ကြေးစစ်ဆင်ရေးရဲ့တစ်စိတ်တဒေသအနေနဲ့တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။ 

ထိခိုက်မှုကိုသီးခြားအတည်မပြုနိုင်ပေမယ့် မနေ့က ညကပေါက်ကွဲသံနှစ်ချက်ဆင့်ထွက်ပေါ်ခဲ့တာကိုတော့ကြားရတယ်လို့ ဒဂုံမြို့သစ်အရှေ့ပိုင်း (၇)ရပ်ကွယ်မှာ နေထိုင်သူတဦးကပြောပါတယ်။

“တော်တော်ပြင်းတယ်၊အိမ်တွေပါတုန်တယ်၊ထိတဲ့စစ်သားတွေကတော့ သေနိုင်တယ်၊သူတို့ကားပေါ်ကို ဆွဲတင်သွားတယ်”လို့ သူကဆိုပါတယ်။

စစ်ယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပေါက်ကွဲမှုဖြစ်ရာအနီးမှာရှိတဲ့ ခမရ( ၅၃၃)တပ်က စစ်သား တချို့လည်းရောက်လာပြီး အမှတ် ၂လမ်းမကြီးတ လျှောက်ပိတ်ဆို့စစ်ဆေးတာ၊အနီးနားရပ် ကွက်ကို ဧည့်စာရင်းစစ်တာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။