စစ်တပ်ဖမ်းသွားတဲ့ ဂန့်ဂေါက ဆယ်​ကျော် သက်လူငယ် အလောင်းသာပြန်တွေ့

မကွေးတိုင်း၊ ဂန့်ဂေါနယ်က ဒေသခံဆယ်ကျော်သက် လူငယ်တဦးကို စစ်တပ်ကဖမ်းခေါ် သွားပြီးနောက်ဆယ်ရက်အကြာမှာ ယာခင်းတခုထဲ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကိုသာပြန်တွေ့ရတယ်လို့ ဂန့်ဂေါဒေသခံတွေဆီကသိရပါတယ်။

ဂန့်ဂေါမြို့တောင်ဘက်မြစ်သာမြစ်ကူးတံတားရဲ့အောက်ဘက်နားကယာခင်းတစ်ခုမှာရုပ်အလောင်းတလောင်းကို ဒီဇင်ဘာ (၁၄) ရက်နေ့မှာ တွေ့ ရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

“အလောင်းကကောက်ဖို့တောင်မလွယ်ဘူးပြောတယ်၊အနားတင်သဂြိုလ်ကြရမှာ” လို့ ဂန့်ဂေါမြို့ခံ တဦးကပြောပါတယ်။

သေဆုံးသူရုပ်အလောင်းဟာပိတော​က်ကုန်းကျေး ရွာက အသက်ဆယ့်ငါးနှစ်အရွယ် မောင်တင် ဝင်းဆိုသူဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။

ဂန့်ဂေါမြို့နယ်တောင်ပိုင်း မင်းရွာကနေ ဂန့်ဂေါ မြို့ကိုပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ဒီဇင်ဘာ (၅) ရက်မှာ ဂန့်ဂေါမြို့အနောက်ဖက် အင်ဒိုင်းကုန်းရပ်မှာ မောင်တင်ဝင်း ကိုဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ဒီဇင်ဘာ (၁၄) ရက်မှာ သူ့ရဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ ဒေသခံမီဒီယာတွေကဖော်ပြထားပါတယ်။

လက်ရှိဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထုနယ်တွေမှာ စစ်ကောင် စီက စစ်ကြောင်းထိုးနေပြီး ဒီဒေသ တွေမှာ ဖုန်းလိုင်းတွေလည်း မကြာမကြာပြတ် တောက်နေတယ်လို့သိရပါတယ်။ 

ဒီနေ့မနက်မှာလည်း ဂန့်ဂေါမြို့က စစ်ကောင်စီ စစ်ကြောင်းဟာ ဂန့်ဂေါမြိို့နယ်မြောက်ပိုင်း ဘော် ပြင်းရွာအနောက်မြောက်ဝန်း ကျင်ကိုရောက် နေ တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ယောဒေသမှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံတွေကို ဖမ်းဆီးညှင်း ပန်း တာ၊ ဓားစာခံအဖြစ်အသုံးပြုတာ၊ သတ်ဖြတ် တာ တွေကြောင့် စစ်ကြောင်းနဲ့ဝေးရာကိုရှောင်ကြဖို့ ကာကွယ်ရေးအင်အားစုတွေနဲ့ ဒေသခံမီဒီယာ တွေကတိုက်တွန်းထားပါတယ်။