မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြောက်ပိုင်း၊ တောရကျောင်းလမ်းက နေအိမ်နဲ့ ဆိုင်ခန်းတွေကိုဖျက်သိမ်းဖယ်ရှားဖို့စစ်ကောင်စီကထပ်မံဖိအားပေးနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
မင်္ဂလာဒုံမြို့နယ်မှာပြီးခဲ့တဲ့လအတွင်းရပ်ကွက် ၅ ခုက နေအိမ်တွေကိုစစ်ကောင်စီကဖယ်ရှားရှင်းလင်းပြီးအခုထပ်ပြီးသတိပေးချက်ထွက်လာတာဖြစ်ပါတယ်။
“အရင်ပလပ်မြေမှာနေတဲ့သူတွေ၊နေခဲ့တာလည်းနှစ်အတော်ကြာနေပြီ၊ အခုမှကျူးကျော်ဆိုပြီးဖျက်သိမ်းဖို့သတိပေးခံရတာ”လို့ အဲဒီရပ်ကွက်မှာနေထိုင်သူတဦးကပြောပါတယ်။
အဲဒီလိုဖျကိသိမ်းဖယ်ရှားဖို့သတိပေးစာပို့ခံရတဲ့နေအိမ်တစ်ရာနီးပါးရှိပြီး ဒီဇင်ဘာ ၂၁ရက် နောက်ဆုံးထားရွှေ့ပြောင်းဖို့ ညွန်ကြားထားတယ်လို့သိရပါတယ်။
မင်္ဂလာဒုံမြို့နယ်မှာ နေအိမ်သောင်းနဲ့ချီဖျက်သိမ်းဖယ်ရှားခံထားရပြီး နောက်ထပ်ကျူးကျော်ဆိုကာဖျက်သိမ်းခိုင်းမူတွေရှိနေတာဖြစ်ပါတယ်။
အရင်ဖယ်ရှားခံရသူတွေဟာလက်ရှိမှာ နေထိုင်စရာအခက်အခဲကြုံတွေ့နေရဆဲဖြစ်ပြီး အခုဖယ်ရှားခံရမယ့်သူတွေဟာလည်းအခက်အခဲများစွာရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ မြို့ပြမှာနေထိုင်သူတွေရဲ့နေအိမ်တွေကိုဖျက်ဆီးအဓမ္မပြုလုပ်တာတွေဆက်မလုပ်ဖို့သတိပေးစာထုတ်ထားပါတယ်။
မြေပြင်မှာတော့ နေအိမ်တွေဖျက်သိမ်းဖယ်ရှားခံရမူတွေဆက်ရှိနေသလို အိမ်ရာမဲ့ဦးရေတိုးမြင့်လို့နေပါတယ်။