ဒီကနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ မနက် ၃ နာရီဝန်းကျင်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျှင်ကြောင့် မန္တလေးမြိုရှိ ဘုရားစေတီတချို့မှာ ငလျင်ဒဏ်ကြောင့် ထီးတော်မြေခခြင်း အပါအဝင် ထိခိုက်ပျက်ဆီးမှုများရှိခဲ့တယ်လို DNA က စုံစမ်းသိရပါတယ်။
ငလျင်ဒဏ်ကြောင့် မန္တလေးဒက္ခိဏာဝန်ကျောင်းတိုက် သိမ်ကျောင်းအတွင်းမှာရှိတဲ့ ရှေးဟောင်းရုပ်ပွားတော်ရဲ့ ဦးခေါင်းကျိုးကျပျက်စီးခဲ့သလို စစ်ကိုင်းတိုင်း မင်းကွန်းရပ်မှာရှိတဲ့ နာမည်ကျော် ခြင်င်္သေ့ရုပ်ကြီး၏ ညာဘက်လက်မောင်းရင်းမှာ ပြိုကျခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
” အရင်ကတည်းက အက်နေတဲ့နေရာရှိတယ်။ အဲဒီနေရာကနေ အကုန်ပြိုကျသွားတယ် ” လို့ သူကဆိုပါတယ်။ ယူနက်စကိုစာရင်းဝင် ပုဂံရှေးဟောင်းဒေသမှာတော့ ငလျင်နဲ့ပက်သက်ပြီး စေတီပုထိုးတွေမှာ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
အလားတူ ပြည်ကြီးတံခွန်မြို့နယ် ခန္တောတိုက် မဏိရတနာ ကျောင်းဝန်းအတွင်းရှိ ပတ္တမြားစေတီရဲ့စိန်ဖူးတော်မြေခခဲ့ပြီး အဆောက်အဦးတချို့ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို ကျောင်းတိုက်နားနေထိုင်သူ တဦးက ဆိုပါတယ်။
” ငလျင်လှုပ်သွားတာ အတော်ကြမ်းတယ်။ ကျနော်ဘောလုံးပွဲကြည့်နေချိန် တအိမ်လုံးကို ဆွဲရမ်းလိုက်သလိုပဲ ခါရမ်းသွားတယ်။ အိမ်ကလူအကုန်လုံးလည်း လန့်နိုးလာကြတယ်။ မိုးလင်းတော့နောက်ဖေးမီးဖိုဆောင် နံရံအက်သွားတယ် ” လို ချမ်းမြသာစည်မြို့နယ်အတွင်း နေထိုင်သူ တဦးကပြောပါတယ်။
မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၁၅) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း (တံတားဦးမြို့ရဲ့ အရှေ့ဘက် (၄) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၈၁) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၆.၀၃) ဒီဂရီ၊ အနက် (၆၃) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလက ထုတ်ပြန်အသိပေးထားပါတယ်။
အင်အားရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်ဒဏ်ကို မန္တလေးမြို့၊ စစ်ကိုင်းမြို့တွေမှ သိသိသာသာ ခံစားလိုက်ရတယ်လို ဒေသခံတွေက ဆိုကြပါတယ်။