ဘီလားရုစ်ကိုဖြတ်ပြီး ရုရှားရဲ့ ထိုးစစ်အသစ် စလာနိုင်တယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးပြော

ဘီလားရုစ် နိုင်ငံဖက်ကနေ ရုရှားတပ်တွေ နောက်ထပ် အလုံးအရင်းနဲ့ ထိုးဖောက်လာမယ့် အခြေအနေမျိုး ရှိနေကြောင်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီးက သတိပေးခဲ့ပါတယ်။

 

ကာကွယ်ရေး ဝန်ကြီး အိုလက်ဆီ ရက်ဇ်နီကော့ဗ်က သူ့ရဲ့တပ်တွေ အနေနဲ့ မြောက်ပိုင်းကနေ နောက်ထပ် ကျူးကျော် ထိုးဖောက်လာနိုင်တဲ့ အန္တရာယ်အတွက် အသင့်ပြင်ထားဖို့ လိုတယ်လို့ ပြောပါတယ်။ ရုရှားရဲ့ အရင်းနှီးဆုံး မဟာမိတ် နိုင်ငံတစ်ခုဖြစ်တဲ့ ဘီလားရုစ်ဟာ ယူကရိန်းမြောက်ပိုင်းမှာ နယ်စပ်ချင်း ကပ်လျက် တည်ရှိနေပါတယ်။ ယူကရိန်း စစ်ပွဲ အစပိုင်းမှာလည်း ရုရှားတပ်တွေဟာ ဘီလားရုစ်ကို ဖြတ်သန်းပြီး မြို့တော်ကိယက်ဗ်ဆီ ချီတက်ဖို့ ကြိုးစားခဲ့ကြဖူးပါတယ်။

 

အခုကိစ္စဟာ ဖြစ်နိုင်ခြေ မြင့်မြင့်မားမားရှိပြီး စိုးရိမ်ရကြောင်း၊ ဘီလားရုစ်ဟာ ယူကရိန်းအတွက် နှစ်လိုစရာ အိမ်နီးချင်းမျိုး မဟုတ်ကြောင်း ရက်ဇ်နီကော့ဗ်က ဆိုပါတယ်။ ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ဩဇာခံ ရုပ်သေးသက်သက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် ခံထားရပါတယ်။

 

ဘီလားရုစ်နဲ့ ရုရှားတပ်တွေဟာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲကြီး မစခင် ရက်ပိုင်းအလိုမှာ အင်အား အလုံးအရင်းနဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ကြဖူးပါတယ်။ အခုလည်း နောက်တစ်ခါ အလားတူ လေ့ကျင့်မှုတွေ လုပ်နေတာကြောင့် ထိုးစစ်ဗျူဟာ အသစ်ရဲ့ စတင်မယ့် အရိပ်လက္ခဏာ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ရက်ဇ်နီကော့ဗ်က မှတ်ချက် ပေးခဲ့ပါတယ်။

 

အဲဒီအတွက် ယူကရိန်းဖက်ကလည်း အဆင်သင့် ပြင်ဆင်ထားဖို့ လိုကြောင်း သူက ပြောပါတယ်။ ဘီလားရုစ်ဟာ ယူကရိန်းကို တိုက်ခိုက်ဖို့ သူတို့ရဲ့ စစ်တပ်တွေကိုပါ စေလွှတ်နိုင်ကြောင်း ထင်ကြေးတချို့ ထွက်ပေါ်နေပေမယ့် စစ်ရေး သုတေသီတွေကတော့ လူကာရှန်ကိုဟာ အဲဒီလောက် အတင့်မရဲလောက်ဘူးလို့ မှတ်ချက် ပေးထားကြပါတယ်။

 

အမေရိကန် စစ်ဘက် အရာရှိ တချို့ကလည်း ဘီလားရုစ် စစ်တပ်ဟာ အရွယ်အစား သေးငယ်ပြီး အားနည်းကြောင်း၊ စစ်ရည်ဝနေတဲ့ ယူကရိန်းကို ကိုယ်တိုင်ရန်စပြီး ကျူးကျော်မိရင် အစိမ်းလိုက် ဝါးစားခံရသလို ဖြစ်သွားနိုင်မှန်း နားလည်တာကြောင့် လူကာရှန်ကိုက စစ်ပွဲမှာ သူ့ရဲ့တပ်တွေကိုတော့ တိုက်ရိုက်ကျကျ ပါဝင်တိုက်ခိုက်စေမှာ မဟုတ်ကြောင်း သုံးသပ်ထားကြပါတယ်။