နမ့်ဆန်မှာ ဘုန်းကြီးကျောင်း သန့်ရှင်းရေးလုပ်သူနှစ်ဦး စစ်တပ်လေကြောင်းက ဗုံးကြဲလို့ သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် ကုန်းသာရွာမှာ ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ကဘုန်းကြီးကျောင်းကို သန့်ရှင်းရေးသွားလုပ်သူ ၂ ဦး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

နမ့်ဆန် ဟူးမန်းရွာသား ၄ ဦးဟာ စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲမှုကြောင့် ပျက်ဆီးသွားတဲ့ ကုန်းသာရွာဘုန်းကြီးကျောင်းကို သန့်ရှင်းရေးသွားလုပ်ရာမှာ အခုလိုလေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့လေးယောက်ထဲမှာ တစ်ယောက်ကတော့ နေရာမှာတင် ပွဲချင်းပြီးသေသွားတယ်။ နောက်တယောက်က ဆေးရုံပို့တဲ့ လမ်းမှာသေသွားတယ်။ ၂ ယောက်ကတော့ ထိခိုက်ဒဏ်ရာရသွားတယ်” လို့သူကပြောပါတယ်။

စစ်တပ်လေကြောင်းကနေ ဗုံးကြဲခံခဲ့ရလို့ သေဆုံးသွားတဲ့ အမျိုးသား ၂ ဦးဟာ အသက် (၄၇) နှစ်အရွယ် ဦးလှ (ခေါ်) ကွန်နိုင်ဦးနဲ့ ဦးအိုက်အောင် (ခေါ်) ကွန်သိန်းစိုးတို့ပဲ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ဒေသခံနှစ်ဦးဖြစ်တဲ့ အသက် ၄၀ အရွယ် ဦးလှချစ်နဲ့ အသက် ၄၈ နှစ်အရွယ် ဦးမောင်တို့ဟာ ခြေသလုံးမှာ ဗုံးစထိမှန်ခဲ့တာကြောင့် လက်ရှိမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

အာဏသိမ်းစစ်ကောင်စီနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ကြား ဒီဇင်ဘာ ၇ ရက်နေ့ကစပြီး နမ့်ဆန်မြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

တိုက်ပွဲကြောင့် ကုန်းသာ၊ ပန်လော့၊ ဟူးမန်၊ မန်လုံ၊ ပိန်းလုံ၊ တာလှည့်နဲ့ တာငံကျေးရွာ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ကောင်စီနှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲကြောင့် ပြည်သူ (၁၄၀၀ ) ကျော် နမ့်ဆန်မြို့ ဇယန်းကြီးဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေရပါတယ်။

အဲဒီစစ်ရှောင်စခန်းတွင် ဒီကနေ့မနက်ပိုင်းက လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရထားတဲ့ အမျိုးသားတဦးလည်း သေဆုံးသွားကြောင်း သိရပါတယ်။