စစ်ကောင်စီက ချင်းတွင်းမြစ်ကမ်းတလျောက် ကုန်းကြောင်း၊ ရေကြောင်းကနေ စစ်ကြောင်းထိုးဖို့ ပြင်နေတယ်လို့ သတင်းထွက်နေလို့ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ဘေး ကျေးရွာ (၁၅) ရွာက ပြည်သူထောင်ချီ ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ ဒေသခံပြည်သူတွေက စစ်ကောင်စီလို့ အသံကြားလိုက်တာနဲ့ကို ရွေ့ကြပြောင်းကြတော့တာ၊ အခုလည်း ချင်းတွင်းမြစ်ကြောင်းအတိုင်း လာမယ်ဆိုလို့ တိမ်းရှောင်ကြတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ရေယာဉ်အုပ်စုဟာ ချင်းတွင်းမြစ်ထဲမှာ စုန်လိုက်၊ ဆန်လိုက် အယောင်ပြနေပြီး ထင်မှတ်မထား တဲ့အချိန်မှာ စစ်ကြောင်းထိုးလာနိုင်တာကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကနီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ တပ်အပြောင်းအရွှေ့လုပ်ဖို့အတွက် စစ်ရေယာဉ်တန်း လာမှာ ဖြစ်တယ်လို့ ဒေသခံတွေကြား သတင်းပျံ့နေတာလည်း ရှိပါတယ်။
ကနီမြို့နယ်ဟာ စစ်ကိုင်းတိုင်း အုပ်ချုပ်ရေးရုံစိုက်ရာ မုံရွာနဲ့ မိုင်လေးဆယ်နီးပါးသာဝေးပြီး ကားနဲ့ နှစ်နာရီဝန်းကျင် သွားလာရတဲ့ အကွာအဝေးက ချင်းတွင်းမြစ်ကမ်းဘေး မြို့တမြို့ဖြစ်ပါတယ်။
စစ်ကောင်စီရေယာဉ်တန်း လာမယ်ဆိုတဲ့ သတင်းကြောင့် ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရတာ လေးရက်ရှိပြီဖြစ်ပြီး ရေရှည်မှာ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ဆောင်းကာလဖြစ်တဲ့အတွက် သက်ကြီးရွယ်အိုတွေအတွက် အခက်အခဲဖြစ်တယ်၊ တနေရာကနေတနေရာ ရွေ့တဲ့အခါ စောင်တွေအများကြီး သယ်ရတယ်၊ အအေးဒဏ်လည်း ခံရတယ်၊ သက်ကြီးရွယ်အိုတွေကိုကျတော့ သီးသန့်အစီစဉ်နဲ့ ပြောင်းရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
အခုလို တိမ်းရှောင်နေကြရတဲ့အတွက် ကလေးသူငယ်တွေရဲ့ ပညာသင်ကြားရေးတွေလည်း ထိခိုက် ရတယ်လို့ အဲ့ဒီဒေသခံက ပြောပါတယ်။
လက်ရှိမှာတော့ ကနီမြို့နယ် ဒေသတွင်းမှာ တိုက်ပွဲဖြစ်နေတာ၊ စစ်တပ်က စစ်ကြောင်းထိုးနေတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။
စစ်ကိုင်းတိုင်း တောင်ဘက် ဧရာဝတီမြစ်ကနေ မြစ်ကြောင်းခွဲထွက်လာတဲ့ ချင်းတွင်းမြစ်ဟာ စစ်ကိုင်းတိုင်း မြောက်ပိုင်းအထိ ဖြတ်သန်းစီးဆင်းနေပြီး ဒေသတွင်းအရေးပါတဲ့ မြစ်တစင်းဖြစ်ပါတယ်။
အဲ့ဒီမြစ်ကြောင်းတလျှောက် မြို့နယ်အသီးသီးက တော်လှန်ရေးတပ်ဖွဲ့တွေဟာ ချင်းတွင်းမြစ်ထဲ ဖြတ်သန်းလာတဲ့ စစ်ရေယာဥ်အုပ်စုတွေကို ပစ်ခတ်တိုက်မှုတွေ လုပ်လေ့ရှိပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ ချင်းတွင်းမြစ်လို နောက်ထပ်အရေးပါတဲ့ မြစ်တစင်းဖြစ်တဲ့ မူးမြစ်ကမ်း မြို့နယ်တွေက ကျေးရွာတွေကိုတော့ စစ်ကောင်စီက ပြီးခဲ့တဲ့ နိုဝင်ဘာလကနေ အခုလထဲအထိ စစ် ကြောင်းထိုးတာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေ ဆက်လုပ်နေလို့ နေအိမ်ထောင်ချီ မီးလောင် ဆုံးရှုံးခဲ့ပြီး ပြည်သူသောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။