သထုံမှာ ကုန်တင်ရထား မိုင်းဆွဲခံရလို့ မော်လမြိုင်-ရန်ကုန် ရထားခရီးစဥ်တွေ ရပ်ဆိုင်း

မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲက ရန်ကုန်- မော်လမြိုင် ရထားလမ်းပိုင်းမှာ ကုန်တင်ရထားတွဲ မိုင်းဆွဲခံရပြီးနောက် ရထားခရီးစဉ်အားလုံး ရပ်ဆိုင်းထားရတယ်လို့ မြန်မာ့မီးရထားဝန်ထမ်းတွေဆီက သိရပါတယ်။

မော်လမြိုင်မြို့ကနေ မန္တလေးမြို့ဘက် ထွက်ခွာလာတဲ့ အမှတ် (၂၇၂) အစုန်ရထား (ကုန်တင်) ဟာ သထုံမြို့၊ ကလိကျွန်းကျေးရွာနဲ့ တံတားဦး ကျေးရွာကြားမှာ ဒီဇင်ဘာ (၁၃) ရက် ည ၇ နာရီခွဲလောက်က မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် လူထိခိုက်မှုမရှိပေမယ့် ကုန်တင်ရထား လမ်းချော်တိမ်းမှောက်ခဲ့ပြီး ရ ထားပေါ်ပါလာတဲ့ ကုန်ပစ္စည်းတွေ ပျက်စီးခဲ့တယ်လို့ မော်လမြိုင်မြို့က မြန်မာ့မီးရထား ဝန်ထမ်းတဦးက DNA ကို ပြောပါတယ်။

“ပေါက်ကွဲလို့ ရထားတွဲသုံးတွဲ မှောက်သွားတယ်၊ လူတော့ ထိခိုက်တာမရှိဘူး၊ ကုန်ပစ္စည်းတွေတော့ ပျက်စီးတာပေါ့၊ မျက်နှာကျက်တင်လာတဲ့ အတွဲကို အဓိက ထိသွားတာပါ” လို့ သူက ပြောပါတယ်။

ကုန်တွဲအစုန်ရထား မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မော်လမြိုင်ဘူတာကနေ ည ၈ နာရီမှာ ထွက်ခွာမယ့် အမှတ် – ၈၂ အစုန် မော်လမြိုင်-ရန်ကုန် လေအိတ်ရထားခရီးစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရတဲ့အပြင် ဒီကနေ့နဲ့ ရှေ့လာမယ့်ရက်တွေမှာ ရောင်းချထားတဲ့ မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်အားလုံးကို ဖျက်သိမ်းခဲ့ပြီး ငွေပြန်အမ်းပေးလိုက်တယ်လို့ သူက ဆက်ပြောပါတယ်။

“ရထားလမ်း ပြန်ပြင်ဖို့နဲ့ ရှင်းလင်းရေး လုပ်ဖို့ပါ၊ ရောင်းချထားတဲ့ ရထားလက်မှတ်ခတွေ ပြန်အမ်း ပေးတယ်ပေါ့၊ ရထားခရီးစဉ် အားလုံးကိုလည်း ဖျက်သိမ်းထားရတယ်၊ ဘယ်နေ့မှာစပြီး ပြန်လည် ပြေးဆွဲသွားမှာကိုတော့ ဝန်ကြီးဌာနက ကြေညာပါ့မယ်၊ ဒါကိုတော့ ကျွန်တော်မသိဘူးပေါ့လေ” လို့အဲ့ဒီမီးရထားဝန်ထမ်းက ပြောပါတယ်။

အဲ့ဒီဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက် ညပိုင်း ကလည်း မော်လမြိုင်-ရန်ကုန် အမှတ်-၈၂ အစုန်အမြန်ရထား ဘီးလင်းမြို့နယ် ရထားလမ်းပိုင်းမှာ မိုင်းဆွဲခံခဲ့ရတယ်လို့ မီးရထားဝန်ထမ်းတွေဆီက သိရပါတယ်။