ကလေးမြို့ မြောက်ပိုင်း နန်းချောင်းကျေးရွာ မီးလောင်ပြင်မှာ ရုပ်အလောင်းတွေ့ရှိ

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး မီးရှို့ခဲ့တဲ့ ကလေးမြို့နယ်ထဲက နန်းချောင်းကျေးရွာမှာ မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းတခု တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသူ ရုပ်အလောင်းဟာ အရိုးတွေသာ ကျန်ရစ်ခဲ့တာမို့ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ဖို့ခက်ပေမယ့် အမျိုးသမီးငယ်တဦး ဖြစ်နိုင်တယ်လို့လည်း နီးစပ်သူတွေက အတည်ပြုထားတယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိနေပါတယ်။

“မနေ့ကလည်း သူတို့ ရွာကိုမီးထပ်ရှို့သေးတယ်။ ကျတော်တို့ဆီကနေ မီးခိုးတွေ ဒီတိုင်းမြင်နေရတယ်။ ရုပ်အလောင်းက မနေ့က ရှို့ခဲ့တာလား၊ တနေ့က ရှို့ခဲ့တာလား မသိဘူး။ တနေ့က ဖြစ်ဖို့များတယ်။ အလောင်းပုံစံကိုယ်နေဟန်ပုံစံ အနေအထားက မိန်းကလေးနဲ့ဆင်တယ်၊ ကျနော်တို့ ဆက်သွယ်နေတုန်း၊ မိန်းကလေးတွေကိုစုံစမ်းနေတုန်း လူပျောက်ရှိလား ဘာလားပေါ့” လို့ မီးလောင်ကျွမ်းတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တဲ့ ဒေသခံတဦးက ပြောပါတယ်။

ဒီကနေ့ညနေပိုင်းမှာ ဒေသခံတွေရဲ့ စိစစ်အတည်ပြုချက်အရ နန်းချောင်းရွာ မီးလောင်ပြင်မှာ တွေ့ရတဲ့ရုပ်အလောင်းဟာ စိတ်ကျန်းမာရေးမကောင်းတဲ့ အဲ့ဒီရွာခံမသန်စွမ်းမိန်းကလေးတဦး ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ နန်းချောင်ကျေးရွာကနေ ကလေးမြို့မြောက်ဘက်မှာရှိတဲ့ ဆည်တည်ဦးကျေးရွာ ဘက်ကို ပြန်ဆုတ်သွားတာကြောင့် ဒေသခံတချို့ နေရပ်ပြန်ကြတာ ရှိပေမယ့် အများစုကတော့တိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

“ကျွန်မတို့က ခုမနက်မှ အိမ်ပြန်ရောက်တာ။ အထုပ်တော့ တခါတည်းပြင်ထားရတယ်။ ပြန်ပြေးရရင်လွယ်အောင်။ နန်းချောင်းက တော်တော်များများ ပြန်မရောက်ကြသေးဘူး” လို့ နန်းချောင်းရွာအနီးက လက်ပန်းချောင်းရွာခံတဦးက ဒီကနေ့ နေ့လယ်ပိုင်းမှာ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာလ (၁၂) ရက်နေ့ မနက်ပိုင်းမှာ နန်းချောင်းကျေးရွာကို စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို နောက်တရက်မှာလည်း မီးလာထပ်ရှို့ခဲ့တာကြောင့် နန်းချောင်းကျေးရွာက ဘုရားကျောင်းအပါဝင် အဆောက်အဦ သုံးဆယ် ဝန်းကျင် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။