ရေဦးနယ်၊ ကုန်းသာကျေးရွာကို စစ်တပ်ကမီးရှို့

စစ်ကိုင်းတိုင်း၊ ရေဦးနယ်ထဲက ရွာတွေကို မီးရှို့နေတဲ့ စစ်ကောင်စီ စစ်ကြောင်းနှစ်ကြောင်းဟာ ဒီကနေ့ ဒီဇင်ဘာ (၁၄) ရက်၊ နေ့လယ်ပိုင်းမှာ ကုန်းသာရွာကို မီးရှို့နေတယ်လို့ ရေဦးနယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တပ်ဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။

“ဒီကနေ့ ကုန်းနီးဘက်ကတပ်နဲ့ ရေမိဿာဘက် မီးရှို့ခဲ့တပ်က ပေါင်းသွားတယ်၊ ပေါင်းပြီး ရေဦးနယ် အနောက်ခြမ်း အခုကုန်းသာ၊ ရွာသစ်၊ ချမ်းသာပေါ့၊ အဲ့ဒီသုံးရွာကို အခုတပ်ဖြန့်ပြီးတော့ ဝင်နေတယ်” လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်က ကုန်းသာရွာအပြင် ရွာချင်းကပ်က ရွာသစ်ရွာနဲ့ ချမ်းသာရွာတွေကိုလည်း ဆက် လက်မီးရှို့နိုင်တဲ့ အခြေအနေရှိတဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ အကြောင်းမဲ့ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ စစ်ကြောင်းနှစ်ခုဟာ ဒီဇင်ဘာ ၁၀ ရက် ကနေ ၁၃ ရက်အထိ ရေဦးနယ်တောင်ဘက်အ ခြမ်းက ပဋိကတ်ကျ၊ ပေါက်သာ၊ စိန်ဂျွန်းရွာစတဲ့ ရွာသုံးရွာအပြင် ရေဦးနယ် အနောက်ဘက်ခြမ်း ရွာမိသာ၊ ရွှေသိမ်တော်ကျောင်းဘက်နဲ့ မုန့်စီရွာက နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော် လှန်ရေးအင်အားစုတွေက ပြောထားပါတယ်။

အဲ့ဒီလိုစစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ဒေသခံလူဦးရေ လေးထောင်နီးပါဟာ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
အခုလို ဒေသတွင်းရွာတွေထဲ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့တွေဟာ ဒီဇင်ဘာ (၁၃) ရက်ညနေပိုင်းမှာ ၄၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်က အဖွဲ့ဝင်တဦးကျဆုံးခဲ့တယ်လို့ ရေဦးနယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ဒီကနေ့ မနက် ၂ နာရီခွဲအချိန်မှာ ဆားလင်းကြီးမြို့နယ်၊ ရှမ်းကိုင်းနဲ့တရားကျေးရွာကို ဝင်ရောက်စီးနင်းပြီး စပါးပုံတွေ၊ လယ်ထွန်စက်၊ ကားနဲ့နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့တဲ့အပြင် ကျေးရွာထရန်စဖော်မာပုံးတွေကိုလည်း သေနတ်နဲ့ ပစ်ခတ်ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။