မြို့တော်ဝန် ဒေါက်တာရဲလွင်ကို ထပ်တိုးတရားစွဲထားတဲ့အမှုအတွက် စစ်ကောင်စီ တရားလိုနေရာက အစစ်ခံနေ

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို ထပ်တိုးတရားစွဲဆိုထားတဲ့ အမှုတွေအတွက် တရားလိုဖြစ်တဲ့ စစ်ကောင်စီဘက်ကို စတင်စစ်ဆေးနေပြီလို့ တရားရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက DNA ကိုအတည်ပြုပြောပါတယ်။

“အိုးဘိုထောင်ထဲက အထူးတရားရုံးမှာပဲ စစ်ဆေးတာ လုပ်နေတယ်။ တရားလိုကိုတော့ အရင်စစ်ပြီးသွားပြီးပေါ့။ အခုက လိုပြသက်သေတွေကို စစ်ဆေးနေတဲ့ အဆင့်ရောက်နေပါတယ်။ လုပ်ထုံးလုပ်နည်း အရဆိုရင်လည်း စွပ်စွဲတဲ့ တရားလိုကို အရင်စစ်မယ်ပြီးမှာ စွပ်စွဲခံရသူကို စစ်တာပေါ့။ ဆရာရဲအမှု အသေးစိပ်ကိုတော့ မသိသေးပါဘူး” လို့ သူကပြောပါတယ်။

အရပ်သားအစိုးရ NLD လက်ထက်မှာ လူထုထောက်ခံမှုအပြည့်ရခဲ့တဲ့ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကို စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေး ကော်မတီရဲ့ ဒုဌာနမှူးတစ်ယောက်က တရားလိုပြုလုပ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၄၀၉ နဲ့ တရားစွဲဆိုခြင်းခံထားရတာပါ။

အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ – ခနဲ့ ထောင် ၂ နှစ်စီချထားတဲ့ မြို့တော်ဝန် ဒေါက်တာရဲလွင်နဲ့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ကို ထောင်ကလွတ်ကာနီးမှာ ထပ်တိုးတရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။

“ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ဆရာလွတ်ရက်စေ့ခဲ့တာပါ။ ဒါပေမယ့် လွှတ်မပေးဘဲ ပုဒ်မထပ်တိုး တရားစွဲလိုက်တာပါ။ စစ်အုပ်စုရဲ့ ယုတ်မာမှုပေါ့ ” လို့ သူကပြောပါတယ်။

စစ်အုပ်စုက ဒေါက်တာရဲလွင်တို့ကို မန္တလေးစည်ပင်ပိုင် ယာဉ်တွေမှာ GPS တပ်တဲ့ကိစ္စ၊ စီစီတီဗီတပ်ရာမှာ တင်ဒါမခေါ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ တရားစွဲထားတာလို သိရပါတယ်။

အခု စွပ်စွဲပြီးစွဲဆိုထားတဲ့ ရာဇသတ်ကြီး ပုဒ်မ ၄၀၉ ဟာဆိုရင် ပြည်သူဝန်ထမ်းတဦးက ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်မှု ကျူးလွန်ခဲ့သော် စွဲဆိုရသော ပုဒ်မဖြစ်ပြီး ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်တယ်လို တရားလွှတ်တော် ရှေ့နေတဦးက ပြောပါတယ်။

အာဏသိမ်းမှုဖြစ်ပြီး နောက်ပိုင်းမှာတော့ အရင်အစိုးရလက်ထက်က မန္တလေးတိုင်းဝန်ကြီးအားလုံးနီးပါး ဖမ်းဆီးခံခဲ့ရပြီး သယံဇာတဝန်ကြီး ဦးမျိုးသစ်နဲ့ လယ်ဆည်ဝန်ကြီး ဒေါက်တာ စိုးသန်းကိုသာ စစ်အုပ်စုက ပြန်လည်လွှတ်ပေးထားတာကို တွေ့ရပါတယ်။