ပြည်မြို့ တိုင်းလွှတ်တော်အမတ် နှစ် နှစ်ဆယ်နီးပါးထောင်ဒဏ်ချခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်က NLD ပါတီဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို စစ်ကောင်စီ ထောင်တွင်းတရားရုံးက ဒီဇင်ဘာ (၁၂) ရက်မှာ အမှုခြောက်မှုနဲ့ ထောင် ဒဏ် (၁၉) နှစ် အမိန့်ချလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“အာဏာသိမ်းခံရတဲ့နေ့ထဲက အဖမ်းခံရပြီး ပြန်လွတ်လာတယ်၊ လူထုသပိတ်ပွဲတွေစတော့ သူလည်းပါဝင်ခဲ့တာပေါ့ (၅၀၅) ပုဒ်မအထုတ်ခံရပြီး လိုက်လံဖမ်းဆီးမှုတွေရှိလာလို့ လွတ်မြောက်နယ်မြေတစ်ခုမှာ ရှောင်ရှားနေရင်း ကျန်းမာရေးမကောင်းလို့ ရန်ကုန်ကို ဆေးတက်ကုတဲ့အချိန်မှာ သူ့မိတ်ဆွေတချို့နဲ့ အဖမ်းခံလိုက်ရတာ” လို့ ပဲခူးတိုင်းက NLD ပါတီဝင်တဦးက ပြောပါတယ်။

ဦးကျော်ဇေယျကို မဲမသမာမှု၊ အကြမ်းဖက်ဥပဒေ၊ သဘာဝဘေးအန္တရာယ်ပုဒ်မ၊ (၅၀၅) ပုဒ်မနှစ်မှု၊ ယစ်မျိုးဥပဒေ စတဲ့အမှုခြောက်မှုနဲ့ အမှုဖွင့်တရားစွဲကာ ထောင်ဒဏ်ချလိုက်တာလို့ သိရပါတယ်။

ဦးကျော်ဇေယျဟာ လွတ်မြောက်နယ်မြေတနေရာမှာ တိမ်းရှောင်နေရာက ရန်ကုန်မှာ ဆေးခန်းလာပြချိန် အခုနှစ်ဇွန်လ (၉) ရက်မှာ မိတ်ဆွေလေးဦးနဲ့အတူ လှိုင်သာယာမြို့နယ်အတွင်း ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရပြီးနောက် ပြည်ဒေသကွပ်ကဲရေး စစ်ဌာနချုပ် စစ်ကြောရေးမှာ တစ်လကျော်ကြာ စစ်ဆေးခံရပြီး ပြည်ထောင်သို့ ပြောင်းရွေ့ခဲ့ကာ ခြောက်လအကြာမှာအခုလို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတာလို့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ဦးကျော်ဇေယျကို ဖမ်းမမိခင်ကတည်းက ပြည်မြို့ကနေအိမ်ကို ချိတ်ပိတ်တာ၊ နေအိမ်ထဲ ဝင်ရောက်ဖျက်ဆီးတာ၊ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာတွေ လုပ်ခဲ့တယ်လို့ ပြည်မြို့ခံတွေကပြောပါတယ်။

ဦးကျော်ဇေယျဟာ ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်လုံး NLD ပါတီဝင်တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်မြို့ကနေ အနိုင်ရခဲ့ပါတယ်။

ဦးကျော်ဇေယျနဲ့အတူ ဖမ်းဆီးခံရသူ​တွေကိုတော့ စစ်ကောင်စီက ရန်ကုန်အင်းစိန်ထောင်ကို ပို့ဆောင်ထားပြီး မိသားစုက တွေ့ဆုံခွင့်ရဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။