စစ်တပ်နဲ့ ပျူစောထီးတွေသာနေတဲ့ရွာကို စျေးရောင်းတဲ့ စျေးသည်တွေ ကြိမ်ဒဏ်ပေးခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေသာနေထိုင်တဲ့ ကော့ကျေးရွာ မှာ စျေးရောင်းချခဲ့တဲ့ စျေးသည်တွေကို ကြိမ်ဒဏ်ပေးပြီး စျေးမရောင်းဖို့ သတိပေးခဲ့တယ်လို့ Burma Rangers (ShweBo) သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်အေဓီက DNA ကိုပြောပါတယ်။

“ကော့ရွာကျေးရွာထဲမှာ ပြည်သူတွေ မနေတော့ပါဘူး၊ စစ်တပ်နဲ့ ပျူစောထီးတွေပဲ ကျန်တော့တာပါ၊ အဲ့တာကြောင့် ပြင်ပဈေးသည်တွေကို ဈေးဝင်ရောင်းချခြင်း မပြုလုပ်ဖို့အတွက် ပထမအကြိမ်သတိပေးထားပါတယ်၊ တနည်းအားဖြင့် ဒီဈေးသည်တွေက စစ်တပ်ထောက်ပို့ လုပ်နေသလို ဖြစ်နေလို့ပါ” လို့ BurmaRangers (ShweBo) သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်အေဓီက ပြောပါတယ်။

ရွှေဘိုမြို့နယ် အရှေ့ဘက်ကျေးရွာတွေထဲကမှ ကော့ကျေးရွာနဲ့ ဟံလင်းကျေးရွာဟာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေသာ နေထိုင်ကြတာကြောင့် ဒီရွာတွေကို စျေးရောင်းချတာ မပြုလုပ်ဖို့ BurmaRangers (ShweBo) က ပထမအကြိမ်မှာ စျေးသည်တွေကို ဖုန်းနဲ့ဆက်ပြီး သတိပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ပထမအကြိမ် သတိပေးတာကို လိုက်နာမှုမရှိတာကြောင့် ဒုတိယအကြိမ်မှာ ကြိမ်ဒဏ်အပြစ်ပေးခဲ့တာဖြစ်ပြီး နောက်တစ်ကြိမ် ထပ်မံလိုက်နာတာ မရှိရင်တော့ စစ်တပ်နဲ့ပျူစောထီးတွေရဲ့ ထောက်ပို့အဖြစ် စာရင်းသွင်းပြီး ပစ္စည်းသိမ်းဆည်းတာမျိုးအထိ အရေးယူသွားမယ်လို့လည်း BurmaRangers (ShweBo) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်အေဓီက ပြောပါတယ်။

အဲ့ဒီရွာနှစ်ရွာကို အခုလိုလုပ်ဆောင်တာဟာ စစ်ကောင်စီတပ်တွေက ရွှေဘိုမြို့နယ် အရှေ့ဘက်ရွာတွေကို မြို့ပေါ်တက်စျေးရောင်ချခွင့် မပြုတာအပြင် စျေးရောင်းချမယ်ဆိုပါက ရွာအုပ်ချုပ်ရေးမှူးတွေဆီက ထောက်ခံစာပါမှ ရောင်းချခွင့်ပြုတာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံကျေးရွာသားတွေက ဆိုပါတယ်။

“စစ်ခွေးတွေက သူတို့ခန့်ထားတဲ့ ပျူစောထီး အုပ်ကြီးတွေဆီက ထောက်ခံစာပါမှ ရောင်းချခွင့်ပြုပါတယ်၊ စစ်ခွေးတွေကလဲ အဲ့လိုတွေ လုပ်နေပါတယ်” လို့ တရော်တောကျေးရွာ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ရွှေဘိုအရှေ့ဘက်ကျေးရွာတွေဖြစ်တဲ့ တအုံ၊ အုံးပေါက်၊ ကော့ရွာ၊ တရော်တော၊ ကြိုးကြာ၊ မင်းဘေး အစရှိတဲ့ရွာတွေက တောင်သူတွေကို ကောက်ပဲသီးနှံတွေကို မြို့တက်ရောင်းချခွင့် မပေးတာအပြင် ရွှေဘိုတက္ကသိုလ် ဂိတ်ဝကစောင့်ပြီး ဖမ်းဆီးတာ၊ သိမ်းဆည်းတာမျိုးလည်း လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။