နမ့်ဆန်တိုက်ပွဲမှာ စစ်ရှောင်ရင်း ကလေးငယ်တွေ အပါအဝင် ရွာသားသုံးဆယ်ကျော် ပျောက်ဆုံးနေ

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့မှာဖြစ်နေတဲ့ တိုက်ပွဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရတဲ့ ကုန်းသာရွာက ရွာသားအယောက် ၃၀ ကျော် ပျောက်ဆုံးနေတယ်လို့ စစ်ရှောင်ကူညီနေတဲ့ အဖွဲ့တွေက DNA ကို ပြောပါတယ်။

တပတ်ကျော်ကြာဖြစ်နေတဲ့ ဒီတိုက်ပွဲမှာ ရွာပေါင်း ၄ ရွာက ဒေသခံ ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာပြေးနေရတာဖြစ်ပြီး အဲဒီတိုက်ပွဲကြား စစ်ရှောင်နေရင်း ပျောက်ဆုံးကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ပျောက်နေတဲ့အထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀ ယောက် ပါဝင်နေတယ်။ စစ်ရှောင်စခန်းတွေမှာ စုံစမ်းကြည့်တော့လည်း မရှိဘူးပေါ့။ အနီးနားကရွာတွေမှာ မေးကြည့်တုန်းပဲ။ ကလေးတွေလည်း ပါနေတော့ စိတ်ပူရတာပေါ့။ မိသားစုလိုက် ပျောက်နေတာကြတာပေါ့ ” လို့ စစ်ရှောင်အရေး ကူညီပေးနေသူက DNA ကိုပြောပါတယ်။

အခုပျောက်ဆုံးတဲ့ ရွာသားတွေဟာ စစ်ကောင်စီ တပ်သားတွေနဲ့ တွေဆုံပြီး ဖမ်းဆီးခံရတာ ဖြစ်နိုင်သလို တောထဲမှ လမ်းပျောက်နေတာလည်း ဖြစ်နိုင်တယ်လို့ ရှာဖွေနေသူတွေက သုံးသပ်ပါတယ်။

အာဏသိမ်းစစ်ကောင်စီနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့ကြား ဒီဇင်ဘာ ၇ ရက်နေ့ကစပြီး နမ့်ဆန်မြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

တိုက်ပွဲတွေကြား စစ်ကောင်စီဘက်က လေကြောင်းကနေ အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေတာကြောင့် ကုန်းသာကျေးရွာ၊ ဟူးမန်းကျေးရွာ၊ ပန်အလော့နဲ့ မန်လုံးကျေးရွာတွေက ဒေသခံ ၂၀၀၀ ကျော်ဟာ နမ့်ဆန်မြို့နဲ့ နီးစပ်ရာ ကျေးရွာတွေမှာ စစ်ရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ရှောင်တွေက ဒီထက်များလာဖို့ပဲ ရှိပါတယ်။ အခုလည်း အကူညီတွေ အများကြီးလိုတယ်။ ရုတ်တရတ် ထွက်ပြေးလာကြတာဆိုတော့ ဘာပစ္စည်းမှာ ယူမလာနိုင်ကြပါဘူး။ စောင်တွေ စားစရာတွေလိုတယ်” လို့ စစ်ဘေးရှောင်နေရသူ တဦးကလည်း ပြောပါတယ်။

လက်ရှိမှာလည်း ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ထားတဲ့ စစ်ရှောင်အမျိုးသမီးတဦး သေဆုံးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်တာကြောင့် DNA က ဆက်လက်အတည်ပြု မေးမြန်းနေပါတယ်။