သထုံက ပျူစောထီးခေါင်းဆောင် ဗုံးတွေ့မှုနဲ့ အဖမ်းခံရ

နေပြည်တော် ကားဝင်းတစ်ခုမှာ ဗုံးတွေ့ရှိမှုနဲ့ ပတ်သက်ပြီး သထုံမြို့က တော်ဝင်ကားလက်မှတ်အ ရောင်းဆိုင်ရဲ့ မိသားစုဝင် သုံးဦးနဲ့ ပတ်သက်ဆက်နွယ်သူတွေကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မော်လမြိုင် နေပြည်တော်ကို ပြေးဆွဲခဲ့တဲ့ တော်ဝင်ယာဥ်လိုင်း ကားတစီးကို ဒီဇင်ဘာ (၁၀) ရက်ကနေပြည်တော် ဘောဂသီရိကားဂိတ် အရောက်မှာ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက စစ်ဆေးခဲ့ပြီး ပါ ဆယ်ဗူးနဲ့ ထုပ်ပိုးထားတဲ့ ဗုံးငါးလုံးတွေ့ရှိတယ်လို့ ဆိုပါတယ်။

အဲဒီဗုံးတွေ့ရှိမှုနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ (၁၁) ရက်မှာ သထုံမြို့နယ် နောင်ကုလားကျေးရွာက ကားလက်မှတ်အရောင်းဆိုင်ပိုင်ရှင် ဦးညီညီရှိန်အပါအဝင် မိသားစုသုံးဦးနဲ့ ပတ်သက်ဆက်နွယ်သူတချို့ကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးခဲ့တယ်လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

“သူ့ကားဂိတ်ကနေ ပို့လိုက်တဲ့ ဗုံးကိစ္စနဲ့ပဲ နေပြည်တော်ကားဝင်းမှာ ဗုံးငါးလုံးတွေ့လိုက်တယ်လေ၊ အဲဒါကြောင့်ပဲ သူရော သူ့မိသားစုဝင်နှစ်ဦးရော တစ်ခါတည်း လာဖမ်းသွားတယ်၊ သူ့မိန်းမနဲ့ သူ့က လေးလေ၊ နောက်နေ့ကျတော့ သူနဲ့ပတ်သက်ဆက်နွယ်သူ နှစ်ယောက်က ထပ်ဖမ်းခံရတယ်၊ သူဆိုင်က အလုပ်သမားတွေလို့ သိရတယ်” လို့ သူကပြောပါတယ်။

လက်ရှိ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဦးညီညီရှိန် အပါအဝင် ငါးဦးကို ဘယ်နေရာမှာ ဖမ်းဆီးထိန်း သိမ်းထားတယ်ဆိုတာ မသိရသလို မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

အဖမ်းခံထားရတဲ့ ဦးညီညီရှိန်ဟာ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဝင်တစ်ဦးဖြစ်သလို သထုံမြို့နယ် ပျူစောထီး ခေါင်းဆောင်ပိုင်းမှာ တာဝန်ယူထားသူလည်း ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။